တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက နည်းပြဘဝကနေ အနားမယူခင်မှာပဲ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လာပြီး ပရီးမီးယားလိဂ် အသင်းတစ်သင်းသင်းကို ကိုင်တွယ်သွားချင်တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ မကြာသေးခင်ကမှ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်မှာ တွေ့ဆုံခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်မှာ သူ့အသင်းဘက်ကို ပင်နယ်တီ မပေးခဲ့တာနဲ့ ပတ်သက်ပြီး စောဒက်တက်ခဲ့ရာကနေ တိုက်ရိုက် အနီကတ်ပြခံရကာ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : The Independent

ဒီအနီကတ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက စိတ်အရမ်းပျက်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲနဲ့ အလှမ်းဝေးတဲ့ အင်္ဂလန် တန်းဆင်းဇုန်နားက ကလပ်အသင်းတွေကိုပဲ ကိုင်တွယ်တော့မယ်လို့ ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ပါသေးတယ်။ ဒါပေမယ့် ရက်ပိုင်းအတွက် Sky Sports နဲ့ အင်တာဗျူးခဲ့ရာမှာတော့ မော်ရင်ဟိုက ဒါဟာ ဟာသပြောခဲ့ခြင်းသာဖြစ်ပြီး ဘယ်တော့မှ တန်းဆင်းဇုန်နားက အသင်းကို ကိုင်မှာမဟုတ်ကြောင်း ပြောသွားခဲ့ပါတယ်။

“ကျွန်တော် နောက်လိုက်တာပါ။ ကျွန်တော် တန်းဆင်းဇုန် တိုက်ပွဲဝင်ရမယ့် အသင်းဆီ ဘယ်တော့မှ မသွားပါဘူး။ ကျွန်တော် စိတ်ဆိုးမိတယ်။ အခုက ကျွန်တော် စိတ်ဆိုးစိတ်ပျက်နေရမယ့် ကာလမျိုး မဟုတ်ပေမယ့် ဥရောပပြိုင်ပွဲတွေမှာ ကစားရတိုင်း ကျွန်တော် ဒီလိုစိတ်ပျက်နေရပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို တန်းဆင်းဇုန်က အသင်းကို ကိုင်တွယ်မှာ မဟုတ်ဘူး။ အဲ့ဒါက အရမ်းခက်ခဲတယ်။”

Photo Credit : talkSPORT

“အဲ့ဒါက အခက်ခဲဆုံးပဲလို့ ထင်တယ်။ ဆုဖလားတွေအတွက် ပြိုင်ဆိုင်ရတာထက်ကို ပိုခက်သေးတယ်။ ဒါက သတ္တိရှိတဲ့ သူတွေကသာ လုပ်ဆောင်နိုင်တယ်။ ကျွန်တော်က အင်္ဂလန်မှာဆို ကလပ်(၃)သင်း ချယ်လ်ဆီးက (၂)ကြိမ်ဆိုတော့ အင်္ဂလန်မှာပဲ (၄)သင်းလောက် ကိုင်ခဲ့ရသလိုပဲ။ ဒါကို ကျွန်တော် နှစ်သက်တယ်။ မြို့ကြီးတွေမှာ နေထိုင်ခဲ့ရတာမို့ အရမ်းလည်း ကံကောင်းတယ်လို့ ဆိုရပါမယ်။”

“ကျွန်တော့်မိသားစုကတော့ လန်ဒန်မှာ နေကြတယ်။ ဒါကြောင့် တစ်နေ့တော့ ကျွန်တော် ပြန်သွားချင်တယ်။ ကျွန်တော့်ကို ဘယ်အသင်းမှ မလိုချင်ရင်တောင် ကျွန်တော်တော့ ပြန်သွားချင်တယ်။ ဒါပေမယ့် အထင်တော့ မလွဲလိုက်နဲ့ဦးနော်။ ကျွန်တော် ဒီမှာ နောက်(၂)နှစ် ရှိနေဦးမှာ။ ဒီနှစ်ရယ် နောက်နှစ်ရယ်။ အဲ့ဒီနှစ်တွေမှာတော့ ကျွန်တော့်ကို ဖီနာဘာချီကနေ ခေါ်ထုတ်နိုင်လိမ့်မယ်လို့ မထင်နဲ့။” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။