အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်မှာတော့ ဘယ်လ်ဂျီယံကလပ် ဘိုဒိုအသင်းကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပါတယ်။

ရိုးမားအသင်းဟာ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး ဘိုဒိုအသင်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း အနိုင်ရရှိလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ပြိုင်ဘက်အသင်းကို လျှော့တွက်မိခဲ့တာကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ရိုးမားအသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ အရန် ကစားသမား အများစုကို ထုတ်သုံးခဲ့ပြီး ကစားသမား အများစုဟာ ပွဲမကစားရတာ ကြာနေတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘိုဒိုအသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားပုံအောက်မှာ သွင်းဂိုးတွေ ဒလဟော ခွင့်ပြုခဲ့ရပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မော်ရင်ဟိုနဲ့ ရိုးမားအသင်းရဲ့ ကစားသမားတွေကို ပြင်းထန်စွာ ဝေဖန်မှုတွေ ထွက်ပေါ်နေပြီး မော်ရင်ဟိုကတော့ ဘိုဒိုအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ရတာဟာ ကစားသမားတွေရဲ့ အပြစ် မဟုတ်ပဲ သူ့ရဲ့အပြစ်သာ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

မော်ရင်ဟိုက – “ ဒီအသင်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒီတော့ ဒီပွဲရဲ့ အမှားအတွက် တာဝန်ယူရမယ့်သူက ကျွန်တော်ပါပဲ။ ပုံမှန်အတိုင်း ပြောရမယ် ဆိုရင် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က မှားတယ်လို့ မထင်ပါဘူး။ ပြီးတော့ ကျွန်တော်က ပွဲကစားချိန် မရတဲ့ ကစားသမားတွေကို ပွဲကစားချိန် ပေးနိုင်ခဲ့ပါတယ်။ ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ ကစားသမားတွေကိုလည်း အနားပေးနိုင်ခဲ့တယ်လေ။ ကျွန်တော်တို့က ကျွန်တော်တို့ထက် အရည်အသွေး ပိုကောင်းတဲ့ အသင်းတသင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဒါကတော့ ရိုးရှင်းပါတယ်” လို့ ပြောကြားခဲ့တာပါ။