စပါးအသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းမှာ ပွဲထွက်ကစားခွင့်တွေ သိပ်မရရှိလှတဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒယ်လီအလီက အသင်းမှာ ပျော်ရွှင်မှုမရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတယ်လို့ အန့်ဝပ်အသင်းကို အနိုင်ယူခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်အတွင်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အလီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပြိုင်ပွဲစုံအတွင်း (၈)ပွဲသာ ပါဝင်ကစားထားရပြီး ပရီးမီးယားလိဂ်မှာဆိုရင် (၂)ပွဲပဲ ကစားခဲ့ရသလို ပုံမှန်ကစားနေရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာပါ နောက်ပိုင်းပွဲတွေမှာ ပါဝင်ကစားရခြင်းမရှိလို့ ဒီအခြေအနေတွေအပေါ်မှာ အရမ်းကို စိတ်ပျက်လို့နေပါတယ်။ လတ်တလောမှာလည်း အလီဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ စပါးကနေ အငှားနဲ့ ထွက်ခွာဖွယ်ရှိနေပြီး လီဂူးကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : TEAMtalk

အလီဟာ မနေ့ညက အန့်ဝပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ အသင်းရဲ့ အရန်လူစာရင်းအတွင်း ပါဝင်လာခဲ့ပေမယ့်လည်း နည်းပြမော်ရင်ဟိုရဲ့ လူစားလဲမှု (၅)ခုအတွင်းမှာ လုံးဝပါဝင်လာခြင်းမရှိပဲ ပဥ္စမြောက်လူစားလဲမှုကို လုပ်ဆောင်ပြီးချိန်မှာပဲ အလီက အရန်ထိုင်ခုံကနေ ထွက်ခွာသွားပြီး ကွင်းထဲကနေ ခေတ္တထွက်ခွာသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “အဖြစ်မှန်ကနေ ခပ်ဝေးဝေးမပြေးကြတာပဲ ကောင်းပါတယ်။ အရန်ခုံမှာ ရှိနေတဲ့ ကစားသမားတစ်ယောက်က အသင်းရဲ့ လူစားလဲမှု (၅)ခုပြည့်သွားပြီဆိုတာကို သိလိုက်ရချိန်မှာ သူက ပျော်ရွှင်မှုမရှိတော့တဲ့ ကစားသမားဖြစ်သွားမှာ သေချာပါတယ်။ ကျွန်တော် သူ့ကို ပျော်ရွှင်နေလိမ့်မယ်လို့လည်း မမျှော်လင့်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီလို အသင်းရဲ့လူစာရင်းကနေ မကြာခဏ ချန်လှပ်ခံနေရတဲ့ အလီဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကနေ ပေးအပ်သွားမယ့် တစ်နှစ်တာအတွင်း အကောင်းဆုံးကွင်းလယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ဒီဘရိုင်း ဖာနန်ဒက်စ် အယ်ကန်တာရာ ကင်မစ်ချ် ကရူးစ် ဟန်ဒါဆန် မိုဒရစ် ကန်တီတို့လို ကစားသမားကောင်းတွေနဲ့အတူ ပါဝင်လျက်ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ လတ်တလော အသုံးပြုနေလျက်ရှိတဲ့ ကစားကွက်အတွင်းမှာ အလီအတွက် နေရာပေးဖို့ မလွယ်ကူသလို မော်ရင်ဟိုနဲ့ အလီတို့ရဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်မှု သိပ်မရှိသေးတာကြောင့် အလီအနေနဲ့ အသင်းမှာ နေရာရဖို့ထက် အသင်းနဲ့ လမ်းခွဲရဖို့က ဖြစ်နိုင်ခြေပိုများလို့ နေပါတယ်။