အီတလီ စီးရီးအေရဲ့ နာမည်ကြီးကလပ် ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ စပါယ်ရှယ်ဝမ်းကြီး မော်ရင်ဟိုဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဆက်ဆူအိုလိုအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ သူ့ရဲ့ နည်းပြဘဝ ပွဲ၁၀၀၀ပြည့်ခဲ့ကြောင်း သိရပါတယ်။

သူ့ကိုယ်သူ ကမ္ဘာ့နံပါတ်တစ်လို့ ကြွေးကြော်ခဲ့တဲ့ ပေါ်တူဂီသားကြီး မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝကို ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူ့ဘဝရဲ့ အောင်မြင်မှုတွေ စတင်ရာ ပေါ်တိုအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝမှာ ပေါ်တို ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ရိုးမား စတဲ့ ဥရောပရဲ့ နာမည်ကြီး ဘောလုံးအသင်းတွေကို ကိုင်တွယ်ဖူးသလို ချန်ပီယံလိဂ် ဆုဖလားကိုလည်း ပေါ်တိုအသင်း ၊ အင်တာမီလန်အသင်းတို့နဲ့အတူ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် အင်တာမီလန်အသင်းကို ကိုင်တွယ်စဉ်က တနှစ်အတွင်း ဆုဖလား ၃လုံးအထိ ရယူပေးခဲ့ကာ ဂန္တဝင် အောင်ပွဲတခုကို ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်စဉ်ကလည်း အသင်းရဲ့ သမိုင်းမှာ ပထမဦးဆုံး ယူရိုပါလိဂ်ဆုဖလားကို အရယူပေးခဲ့ပြန်ပါတယ်။

မော်ရင်ဟိုဟာ နည်းပြချုပ်အနေနဲ့ ပွဲပေါင်း ၁၀၀၀ ကိုင်တွယ်ခဲ့ရာ နိုင်ပွဲ ၆၃၈ပွဲ အထိ ရရှိခဲ့ပြီး ၂၀၅ပွဲ သရေကျကာ ၁၅၇ပွဲသာ ရှုံးခဲ့ပါတယ်။ ဒါကြောင့် မော်ရင်ဟိုရဲ့ နိုင်ပွဲရရှိမှုနှုန်းဟာ ၆၀ရာခိုင်နှုန်းကျော် ရှိနေပြီး ဒါက မော်ရင်ဟိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြ နေပါတယ်။

လက်ရှိမှာတော့ မော်ရင်ဟိုဟာ ရိုးမားအသင်းကို တကျော့ပြန် အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် ကြိုးစားပေးနေပြီး ရိုးမားအသင်းက ဆက်ဆူအိုလိုအသင်းကို တိုက်စစ်မှူး အယ်ရှာရာဝီရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အနိုင်ရအပြီးမှာတော့ မော်ရင်ဟိုက သူဟာ ကလေးတဦးလိုပဲ ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

 

သူ့ရဲ့ နည်းပြဘဝ ပွဲ၁၀၀၀ ပြည့်ခဲ့တာနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက – “ဒီတပတ်လုံး ကျွန်တော်က လူလိမ်ကြီး ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်က ဒီပွဲဟာ ကျွန်တော့်အတွက် သာမန်ပွဲပဲလို့ လိမ်ခဲ့ပေမယ့် တကယ်တော့ အရမ်းကို ထူးခြားတဲ့ ပွဲတပွဲပါ။ ဒီပွဲက ကျွန်တော့်အတွက် ထူးခြားတဲ့ ပွဲတပွဲ ဖြစ်ခဲ့သလို ပွဲရဲ့ အလှည့်အပြောင်းတွေက ဒီပွဲကို အမြဲတမ်း အမှတ်ရနေအောင် လုပ်ပေးခဲ့ပါတယ်။ ဒီပွဲက ၆-၆ ၊ ၇-၇ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးလောက်အောင် မြိုင်ဆိုင်ခဲ့ပြီး ပက်ထရီစီယိုက အရမ်းကောင်းတဲ့ ကာကွယ်မှု ၂ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း သွင်းဂိုး တချို့ သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့ အသက်က ၅၈နှစ် မဟုတ်တော့ပါဘူး။ ၁၄နှစ် ပြန်ဖြစ်သွားပါပြီ” လို့ ပြောကြားခဲ့တာပါ။