အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကတော့ ယခုအချိန်မှာ ဘောလုံးလောကရဲ့ ကံအကောင်းဆုံးနဲ့ အသင်းရဲ့ လူစာရင်းကို သဘောကျတဲ့ နည်းပြဟာ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုပဲ ရှိလိမ့်မယ် ဆိုပြီး အရွှန်းဖောက်သွားခဲ့ပါတယ်။

အင်တာမီလန် ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တိုအသင်းတို့မှာ အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့တဲ့ စပါယ်ရှယ်ဝမ်းကြီး မော်ရင်ဟိုဟာ ယခုအခါမှာတော့ အောင်မြင်မှုတွေနဲ့ အနည်းငယ် ဝေးကွာနေတဲ့ ရိုးမားအသင်းထံ ရောက်ရှိနေပြီး ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။

Photo Credit: Standard

မော်ရင်ဟိုဟာ ရိုးမားအသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ဒီဇီကို ၊ ဖလော်ရန်ဇီတို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ်မှူး အေဗရာဟမ် ၊ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ပက်ထရီစီယို ၊ အမေရိကန် လူငယ်ကြယ်ပွင့် ဘရိုင်ယန် ရေးနို့စ် ၊ ဂျီနိုအာ တိုက်စစ်မှူး ရှိုမာဒိုဗစ်တို့ကို ခေါ်ယူထားကာ အသင်းအား သွေးသစ်လောင်းနေပါတယ်။

တဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ စပိန်အသင်းခေါင်းဆောင် ရာမို့စ် ၊ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ၊ နယ်သာလန် အသင်းခေါင်းဆောင် ဝစ်နယ်ဒန် ၊ အီတလီအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာတို့လို ထိပ်တန်း ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အမိအရ ခေါ်ယူထားနိုင်သလို မော်ရိုကို ညာနောက်ခံလူ ဟာခီမီကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူထားပါသေးတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ သူ့ရဲ့ လူအင်အားကို ကျေနပ်မှု ရှိရဲ့လား ဆိုပြီး မေးခွန်းထုတ်ခံရချိန်မှာ မော်ရင်ဟိုက လက်ရှိမှာ အသင်းရဲ့ လူအင်အား အပေါ် ကျေနပ်မှု ရှိမယ့် တဦးထဲသော နည်းပြဟာ ပိုချက်တီနို ဖြစ်တယ်လို့ အရွှန်းဖောက် ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ကမ္ဘာ့ကံအကောင်းဆုံးနည်းပြ ဖြစ်ကြောင်းကို မော်ရင်ဟိုက – “သူတို့အသင်းရဲ့ လူအင်အားနဲ့ ပတ်သတ်ပြီး ကျေနပ် ပျော်ရွှင်နေမယ့် နည်းပြကို ခင်ဗျားတို့ သိကြလား။ အဲ့ဒါက ပိုချက်တီနို ဖြစ်နိုင်တယ်ဗျ” ဆိုပြီး ပြောကြားခဲ့တာပါ။