ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သူ လူးကပ် မော်ရာ ကတော့ ရလဒ်ဆိုးတွေ ဆက်တိုက် ဆိုသလို ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ မပေါ့ဆကြဖို့ အသင်းဖော် ကစားသမားတွေကို သတိပေး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

စပါးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ယခုအချိန်မှာတော့ စပါးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ၁မှတ်အသာနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Standard

ဒါကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ ရာသီကုန်မှာ ဥရောပဝင်ခွင့် ရဖို့ အတွက် အရေးကြီးတဲ့ ပွဲစဉ်တပွဲ ဖြစ်လာပြီး စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ စပါးအသင်းကသာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိသွားလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်ထားပါတယ်။

ဒါပေမယ့် စပါးအသင်းရဲ့ အဓိက တောင်ပံ ကစားသမား တဦး ဖြစ်သူ လူးကပ် မော်ရာကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အလွယ်တကူ အနိုင်ရလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ပယ်ချသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတဲ့ အသင်းတသင်းကို ဂရုတစိုက် ယှဉ်ပြိုင်ရလိမ့်မယ်လို့ အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

Photo Credit: Standard

လူးကပ် မော်ရာက – “ မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်တိုင်းက တကယ်ကို အန္တရာယ် များပါတယ်။ သူတို့က လီဗာပူးကို ရှုံးခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ကစားဖို့ ကြိုးစားလာမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ဝက်စ်ဟမ်းကို ရှုံးထားတာကြောင့် ဒီပွဲကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ အတွေ့အကြုံ များတဲ့ ကစားသမားတွေလည်း ရှိပြီး သူတို့က ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ အဲ့ဒါတွေကို ဂရုစိုက်ဖို့ မလိုပါဘူး။ ကိုယ့်အလုပ်ကို ကိုယ်တိုင် အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ၃မှတ် ရဖို့ အတွက် ကွင်းတွင်း ၊ ကွင်းပြင် နှစ်ခုစလုံးမှာ တိုက်ပွဲဝင်နိုင်ရပါမယ်” လို့ ပြောကြားခဲ့တာပါ။