မနေ့ညက ပြင်သစ်နိုင်ငံမှာ လီဂူးကလပ် ရန်းစ်အသင်းနဲ့ ကွန်းဖရန့်လိဂ် အုပ်စုအဖွင့်ပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းဟာ အိမ်ရှင်ရန်းစ်အသင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီနဲ့သာ သရေကစားနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တောင်ပံကစားသမား စတီဗင်ဘာ့ဂျ်ဝင့်နဲ့ တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာတို့ ဒဏ်ရာအသီးသီး ရရှိသွားတဲ့အတွက် ဒီတစ်ပတ် Weekend ချယ်လ်ဆီးအသင်းနဲ့ ဆုံတွေ့ရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

ဘာ့ဂျ်ဝင့်နဲ့ မော်ရာတို့ (၂)ယောက်လုံးဟာ ရန်းစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ UEFA Europa Conference League အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲထွက်ကစားသမားတွေအဖြစ်နဲ့ ပါဝင်ဆင်နွဲခဲ့ပြီး ပွဲကစားချိန် နာရီဝက်အတွင်းမှာပဲ နယ်သာလန် တောင်ပံကစားသမား ဘာ့ဂျ်ဝင့်က ခြေချင်းဝတ်ဒဏ်ရာကြောင့် ကွင်းလယ်လူ ဟူဘယက်နဲ့ လူစားလဲခဲ့ရသလို မော်ရာကလည်း ဒုတိယပိုင်းအစမှာ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတာကြောင့် ဆက်လက်ကစားနိုင်ခြင်း မရှိတော့ပဲ လူငယ်တိုက်စစ်မှူးလေး စကားလတ်နဲ့ လူစားလဲခဲ့ရပြန်ပါတယ်။

Photo Credit : Daily Mail

စပါးအသင်းဟာ အခုတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာပဲ ရလဒ်တွေရော ခြေစွမ်းတွေပါ အထူးကောင်းမွန်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲမှာ ခြေသလုံးဒဏ်ရာ ရရှိနေတဲ့ တောင်ကို်ရီးယားသား ဆွန်ဟောင်မင် ပြန်လည်ပါဝင်လာဖို့က မရေရာသေးတဲ့အချိန် နောက်ထပ် အသင်းရဲ့ အရေးကြီးတဲ့ ကစားသမား(၂)ဦးဖြစ်တဲ့ ဘာ့ဂျ်ဝင့်နဲ့ မော်ရာတို့ပါ ဒဏ်ရာပြသာနာကိုယ်စီ ကြုံတွေ့နေကြလို့ စပါးအသင်းနည်းပြ နူနိုဆန်တိုအတွက် ခေါင်းခြောက်စရာ ဖြစ်လာနို်င်ပါတယ်။ လက်ရှိမှာလည်း စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၂)ပွဲဆက်တိုက် နိုင်ပွဲတွေ ပျောက်ဆုံးထားခဲ့ရပြီး ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ထားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာလည်း (၃)ဂိုးပြတ်နဲ့တောင် အရေးနိမ့်ခဲ့ရပါတယ်။ အခု ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲကိုတော့ အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်ထိ နိုင်ပွဲမပျောက်ဖို့ လိုအပ်နေသလို ဒီရာသီရဲ့ ဒုတိယမြောက် လန်ဒန်ဒါဘီမှာ ဒုတိယမြောက် ရှုံးပွဲကို မကြုံတွေ့ရဖို့လည်း အထူးလိုအပ်လို့ နေပါတယ်။