ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်က သူဟာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုလိုမျိုး ယူနိုက်တက် အတွက် ဖရီးကစ် ကနေ သွင်းဂိုးတွေ သွင်းယူပေးချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ချယ်လ်ဆီးမှာ မကစားတော့ပဲ သူ့ဖခင် တိုနီမောင့် အပါအဝင် မိသားစုဝင် အများအပြား အားပေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာသူပါ။

Photo Credit: Inside Sports

မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်အတွက် ချယ်လ်ဆီးထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅သန်း ပေးချေခဲ့ရပြီး မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ တပတ် လုပ်ခလစာ ပေါင် ၂သိန်းခွဲ ဝန်းကျင် ရရှိမှာလည်း ဖြစ်ပါတယ်။

မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ဖြစ်တဲ့ နံပါတ်၇ကို ရယူခဲ့ပြီး မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ အမာခံ ပရိသတ် ဖြစ်တာကြောင့် ရိုနယ်ဒိုရဲ့ ကျောနံပါတ်၇ကို ဆက်ခံခွင့် ရခဲ့တာက သူ့အတွက် အမှတ်ရစရာ ကောင်းတဲ့ ဖြစ်ရပ် တခုပါ။

Photo Credit: Goal

မေဆန်မောင့်က ခရစ္စတီယာနို ရိုနယ်ဒို တယောက် ပို့စ်မောက်ဘက်ကို ကန်သွင်းပြခဲ့တဲ့ အံ့မခန်း ဖရီးကစ်ဂိုးကို ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့သလို ရိုနယ်ဒိုရဲ့ ကန်ချက်အတိုင်း လိုက်လံ ကန်ပြခဲ့တဲ့ ဗွီဒီယို တပုဒ်ကိုလည်း ရိုက်ပြခဲ့ဖူးပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မောင့်က သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရိုနယ်ဒိုလို ဖရီးကစ်ဂိုးတွေ သွင်းယူဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

မောင့်က – “ရိုနယ်ဒို တယောက် ပို့စ်မောက်ဘက်ကို ဖရီးကစ်နဲ့ ဂိုးသွင်းခဲ့တုန်းက ကျွန်တော် ကိုယ်တိုင် အဲ့ဒီကွင်းထဲကို ရောက်နေခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ အသင်း ဖြစ်တဲ့ Pompeyကို အားပေးဖို့ အဲ့ဒီနားကို ရောက်နေရင်း ကနေ ပွဲဝင်ကြည့်ဖြစ်ခဲ့တာပါ။ ကျွန်တော် ဖရီးကစ် ကန်တဲ့ ဗွီဒီယိုကလည်း အဲ့ဒီနေ့အပြီး နောက်တနေ့မှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုပါ။ ရိုနယ်ဒိုရဲ့ ဖရီးကစ်ဂိုးကို အိုးထရက်ဖို့ဒ်ရဲ့ အဝေးကွင်းပရိသတ်တွေ ကြည့်တဲ့ နေရာကနေ မြင်တွေ့ခွင့် ရခဲ့တာက ကျွန်တော့်အတွက် တွန်းအား တခုလို ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်က အရမ်းကို အံ့ဩဖို့ ကောင်းသလို ရိုနယ်ဒိုအတွက် ဂန္တဝင် တွင်သွားတဲ့ ဖြစ်ရပ်တခုပါပဲ။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်အတွက် အဲ့ဒီလို ဖရီးကစ်ဂိုးမျိုးတွေ သွင်းပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။