ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်က ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူခဲ့ရပေမယ့် ယခုတပတ်မှာ ယူနိုက်တက်နဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းထားနိုင်တာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးပွဲမှာ ပြန်လည် ပါဝင်နိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ယူနိုက်တက်ရဲ့ အဓိကပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့် အတွက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ဝန်းကျင် ပေးချေခဲ့ရပါတယ်။

Photo Credit: Sporting News

မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က မေဆန်မောင့်ကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက်ပေးဖို့ ခေါ်ယူခဲ့ပေမယ့် မေဆန်မောင့်က ကံမကောင်းစွာနဲ့ပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းနေခဲ့ရပါတယ်။

မေဆန်မောင့်က ဒဏ်ရာပြဿနာတွေကြောင့် ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၆၂၇မိနစ်သာ ပါဝင် ကစားပေးထားနိုင်ပြီး သူက ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မေဆန်မောင့်က ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ လူစာရင်းထဲမှာ ပြန်လည် ပါဝင်လာလိမ့်မယ်လို့ သိရှိရပါတယ်။

မေဆန်မောင့် အပြင် မက်ဂွိုင်းယား ၊ ဟွိုက်လန်း ၊ ဝမ် ဘစ္စကာ စတဲ့ ကစားသမားတွေကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပြီး မက်ဂွိုင်းယားနဲ့ ဟွိုက်လန်းတို့က ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ချေ ရှိပေမယ့် ဘစ္စကာနဲ့ မေဆန်မောင့်တို့ကတော့ အရန်ကစားသမား အဖြစ်သာ ပါဝင်ခွင့် ရနိုင်ပါတယ်။