ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ ကျန်ပါတော့တယ်။

Photo Credit: 90 Mins

ဒါကြောင့်ပဲ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ မေဆန်မောင့်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး မေဆန်မောင့်ကလည်း ချယ်လ်ဆီးမှာ ဆက်နေဖို့ စိတ်ကူးရှိတာကြောင့် ချယ်လ်ဆီးနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် မေဆန်မောင့်က စာချုပ်သစ်မှာ သူ့ရဲ့ အသင်းဖော်သစ် စတာလင်းလို တပတ် လုပ်ခလစာ ပေါင် ၂သိန်းခွဲနဲ့ ၃သိန်းကြား ပမာဏ တရပ်ကို လိုချင်နေပြီး ချယ်လ်ဆီးကတော့ မေဆန်မောင့်ကို တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်သာ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ ကမ်းလှမ်းမှုကို သဘောမကျတာကြောင့် ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ချယ်လ်ဆီးကတော့ မေဆန်မောင့်ကို နောက်ထပ် စာချုပ်သစ် ကမ်းလှမ်းမှု တရပ်နဲ့ ထပ်မံ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူး ၊ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်တို့က မေဆန်မောင့်နဲ့ ချယ်လ်ဆီးရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပြီး အကယ်၍ မေဆန်မောင့်ကသာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဖို့ ငြင်းဆန်ခဲ့ရင် လာမယ့် နွေအပြောင်းအရွှေ့မှာပဲ ဥရောပ ထိပ်သီးအသင်းတွေက မေဆန်မောင့်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းလာနိုင်ပါတယ်။