ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပြီးနောက် သူတို့အသင်းဟာ ဗိုလ်လုပွဲမှာ ပြိုင်ဘက် လီဗာပူးကို အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ကြုံးဝါးလိုက်ပါတယ်။

ချယ်လ်ဆီးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် မြို့ခံပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ်နဲ့ ဝင်ဘလေကွင်းအတွင်း ယှဉ်ပြိုင် ကစားခဲ့ရာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြတဲ့ လော့ဖ်တပ်ချိနဲ့ မေဆန်မောင့်တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာက ချယ်လ်ဆီး အတွက် ယခုနှစ် ဘောလုံးရာသီမှာ ဒုတိယအကြိမ်မြောက် ဖလားပွဲ တခုရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ချယ်လ်ဆီးက သူတို့ကို ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အနိုင်ယူထားတဲ့ လီဗာပူးနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ချယ်လ်ဆီးဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဖလားတလုံး လက်လွှတ်ထားရတာကြောင့် ယခုတကြိမ် ပြန်လည် တွေ့ဆုံချိန်တာက သူတို့အသင်း အတွက် လီဗာပူးကို လက်စားချေနိုင်မယ့် အခွင့်အရေး တခု ဖြစ်ပြီး ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ မေဆန်မောင့်ကလည်း သူတို့အသင်းက ဝင်ဘလေကွင်းထဲမှာ လီဗာပူးကို အနိုင်ယူကာ ဆုဖလား ကိုင်မြှောက်ဖို့ အဆင်သင့်ပဲလို့ ဆိုလာပါတယ်။

Photo Credit: Fot Mob

မေဆန်မောင့်က – “ဒီနေ့ပွဲက ကျွန်တော်တို့တွေ နိုင်နေကြ ပုံစံအတိုင်း နိုင်ခဲ့တဲ့ ပွဲတပွဲလို့ ပြောရပါမယ်။ ဒီပွဲက အတော်လေးကို ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ကြပါတယ်။ ပြီးတော့ သူတို့မှာ ထိပ်တန်း ကစားသမား တချို့ ရှိတာကြောင့် ကျွန်တော်တို့က ပဲလေ့စ်ကို အလွယ်တကူ နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က လော့ဖ်တပ်ချိ အတွက် ပျော်ရွှင်နေပါတယ်။ သူက အရမ်းကို တော်တဲ့ ကစားသမား တယောက်ပါ။ သူက ကျွန်တော်တို့ ခက်ခဲနေတဲ့ အချိန်မှာ ကွင်းထဲ ရောက်လာပြီး သူ့ရဲ့ အရည်အသွေးတွေနဲ့ အသင်းကို ကယ်တင်ခဲ့တဲ့သူပါ။ သူ့ရဲ့ ဘောလုံး ဆွဲပြေးမှုတွေက ကျွန်တော်တို့ကို အတော်လေး အထောက်အကူ ပြုခဲ့ပါတယ်။ တီမိုဝါနာကလည်း ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲက တယောက်ပါ။ သူက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့တွေ ဝင်ဘလေကွင်းထဲမှာ ဆုဖလား ကိုင်မြှောက်ရမယ့် အချိန်ကို ရောက်လာပါပြီ။ ကျွန်တော်က ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲ ၅ကြိမ်လုံးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီတကြိမ်မှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ကို အနိုင်ယူပြီး အောင်ပွဲခံပါမယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။