ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့်ကာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ပြီး အေးဂျင့်အပြောင်းအလဲ လုပ်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိမှာ ချယ်လ်ဆီးက မေဆန်မောင့်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပေမယ့် မေဆန်မောင့်က တပတ် လုပ်ခလစာ ပေါင် ၃သိန်း ဝန်းကျင် အထိ လိုချင်နေတာကြောင့် ချယ်လ်ဆီးနဲ့ မေဆန်မောင့်တို့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု ရဖို့ ခက်ခဲနေပါတယ်။

ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာသာ မေဆန်မောင့်ကို စာချုပ်သစ် မချုပ်နိုင်ခဲ့ရင် လာမယ့် နွေဈေးကွက်မှာ မေဆန်မောင့်ကို ရောင်းချဖို့ ဆုံးဖြတ်ထားကြပြီး မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မေဆန်မောင့်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကို စွန့်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ ရည်ရွယ်ကာ သူ့ရဲ့ အေးဂျင့်ဟောင်းနဲ့ လက်တွဲဖြုတ်ကာ နေးလ် ဖျူးဝင်းကို သူ့ရဲ့ အေးဂျင့်သစ် အဖြစ် ခန့်အပ်ခဲ့ပြီး ဖျူးဝင်းဟာ အခုချိန်မှ စတင်ကာ မေဆန်မောင့်ရဲ့ စာချုပ်ကိစ္စနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်တော့မယ်လို့ သိရပါတယ်။