အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ချယ်လ်ဆီးတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ မေဆန်မောင့်ကတော့ ယနေ့မနက် အစောပိုင်းမှာ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲတပွဲ အဖြစ် အီတလီနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်သာ ရယူနိုင်ခဲ့တာကြောင့် ရလဒ်အပေါ် စိတ်ပျက်မိခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ကြတဲ့ အင်္ဂလန်နဲ့ အီတလီတို့ဟာ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(၃) အတွင်းမှာ ဟန်ဂေရီ ၊ ဂျာမဏီတို့နဲ့ အတူတကွ ကျရောက်နေပြီး နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ ရေကုန်ရေခမ်း ကြိုးစားနေရပါတယ်။

Photo Credit: Bein Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ပွဲစဉ်ကိုတော့ ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အင်္ဂလန်က အီတလီကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲက ဂိုးမရှိ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရသလို အီတလီကို လက်စားပြန်ချေနိုင်မယ့် အခွင့်အရေးကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

အင်္ဂလန်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်ကလည်း အီတလီကို ရှုံးကြွေး ပြန်မဆပ်နိုင်ခဲ့လို့ အတော်လေးကို စိတ်ပျက်နေပြီး သူတို့အသင်းက အီတလီကို အလွယ်တကူ အနိုင်ရခဲ့သင့်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bein Sports

မေဆန်မောင့်က – “ဒီပွဲမှာ သရေရလဒ်သာ ရခဲ့လို့ အတော်လေးကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ဒီပွဲကို အတော်လေး အနိုင်ယူချင်ခဲ့တာပါ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ ဖန်တီးပြီး သွင်းဂိုးတွေ အများကြီး သွင်းယူချင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း ရလာတဲ့ အခွင့်အရေးတွေမှာ ဒီထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့သင့်တာကို ဝန်ခံပါတယ်။ ဒီပွဲမှာဆိုရင် ကျွန်တော်တို့တွေ အခွင့်အရေး အများကြီးကို ဖန်တီးနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ အဆုံးသတ်ပိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ခဲ့သင့်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ ဂိုးမပေးခဲ့ရဘူး။ ဒါက ကောင်းမွန်တဲ့ အချက်တခုပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက တိုးတက်ဖို့ အများကြီး လိုအပ်ပါသေးတယ်” လို့ ငြီးတွားသွားခဲ့တာပါ။