ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ မေဆန်မောင့်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် စတုတ္ထပွဲမှာ အေစီမီလန်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကို နည်းပြ တူဟယ်လ်ရဲ့ ဦးဆောင်မှုနဲ့ ဖြတ်သန်းခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်တွေ မရခဲ့တာကြောင့် တူဟယ်လ်ကို ထုတ်ပယ်ကာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ကာလရှည် စာချုပ်တရပ်နဲ့အတူ ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် အသင်းရဲ့ ကစားကွက်ကို အပြောင်းအလဲတွေ မလုပ်ခဲ့ပေမယ့် ကစားဟန်ပိုင်းကိုတော့ ပြောင်းလဲပစ်ခဲ့ပြီး အရင်လို တောင်ပံတိုက်စစ်တွေကို အားကိုးမယ့် အစား မေဆန်မောင့် ၊ ကိုင် ဟားဗက် ၊ စတာလင်းတို့လို တဦးချင်း အရည်အသွေးကောင်းတဲ့ ကစားသမားတွေကို ကွင်းလယ်တိုက်စစ် နေရာဆီ ပို့ကာ တိုက်စစ်ဆင် ကစားစေခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာရဲ့ နည်းစနစ် ပြောင်းလဲမှုကြောင့်ပဲ ချယ်လ်ဆီးရဲ့ ကစားပုံဟာ တခဏအတွင်းမှာပဲ တိုးတက်လာခဲ့သလို လိုချင်နေတဲ့ ရလဒ်ကောင်းတွေပါ ရရှိထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ပွဲမှာလည်း ၄ပွဲစလုံးကို အနိုင်ရထားကာ သွင်းဂိုး ၁၀ဂိုး အထိ ရရှိခဲ့ပြီး ပေးဂိုးကလည်း ၁ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ အီတလီမြေမှာ အေစီမီလန်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မေဆန်မောင့်က သူတို့အသင်းရဲ့ အခြေအနေဟာ အကောင်းဘက်ကို ဦးတည်နေပြီး သူတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်း တခုပေါ်ကို ပြန်ရောက်နေပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

မေဆန်မောင့်က – “အခု ကျွန်တော့်ရဲ့ ခံစားချက်တွေ ကောင်းနေပါတယ်။ ကျွန်တော်က ကောင်းကောင်း ကစားနေနိုင်တယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်းကို ကောင်းနေသလို သွင်းဂိုးတွေလည်း တောက်လျှောက် ရနေပါတယ်။ ကျွန်တော်က ဂိုးတွေ သွင်းနေရတာထက် အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးရတာကို ပိုပြီး သဘောကျတဲ့လူပါ။ ပေါ်တာရဲ့ လက်အောက်မှာ ကစားရတာက တကယ်ကို ကောင်းပါတယ်။ ခင်ဗျားတို့လည်း ကျွန်တော်တို့ရဲ့ ကစားပုံ ဘယ်လိုရှိလဲ ဆိုတာကို မြင်ကြတာပဲလေ။ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းက အရမ်း အားကောင်းနေသလို ခံစစ်ပိုင်းကလည်း ကျစ်လျစ်မှု အပြည့်ပါပဲ။ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းတခုပေါ် ရောက်နေပါပြီ။ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နိုင်ဖို့ပဲ လိုတော့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။