ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခံရတဲ့ စကော့တလန် ကွင်းလယ်ကစားသမားလည်းဖြစ် ချယ်လ်ဆီးအသင်းဖော်လည်းဖြစ်တဲ့ ဘီလီဂယ်လ်မော်နဲ့ အနီးကပ် ထိတွေ့မှုတွေ ပြုလုပ်ခဲ့မိတဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဘင်ချီဝဲလ်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်တို့နှစ်ယောက်တို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ကိုဗစ်ပိုး ကူးစက်ထားသူနဲ့ ထိတွေ့ထားခဲ့တဲ့အတွက် (၁၀)ရက်တာအထိ သီးသန့်နေထိုင်ခိုင်းထားတာကြောင့် ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက်ပွဲစဉ်ကိုပါ လွဲချော်ရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Mirror

ချယ်လ်ဆီးအသင်းရဲ့ အသင်းဖော်တွေဖြစ်ကြတဲ့ မေဆန်မောင့် ဘင်ချီဝဲလ်နဲ့ ဂယ်လ်မော်တို့ဟာ အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ အုပ်စုပွဲစဉ်အပြီးမှာ အနီးကပ်ထိတွေ့မှုတွေ ရှိခဲ့ကြပြီး ဒီပွဲစဉ်အပြီး ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ဂယ်လ်မော်ဆီမှာ ကိုဗစ်ကူးစက်နေတယ်ဆိုတာကို သိရှိခဲ့ရတာကြောင့် သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ကို (၁၀)ရက်အထိ သီးသန့်နေထိုင်ဖို့နဲ့ သီးခြားလေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Football.London

ဒီဆုံးဖြတ်ချက်ကြောင့်ပဲ မေဆန်မောင့်နဲ့ ဘန်ချီဝဲလ်တို့ နှစ်ယောက်စလုံးဟာ ချက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ရပေမယ့်လည်း ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် (၁၆)သင်းရှုံးထွက်အဆင့် ပွဲစဉ်မှာတော့ ပါဝင်ကစားရအောင် လုပ်ဆောင်ပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို သီးသန့်နေထိုင်နေရတဲ့ ကစားသမား (၂)ယောက်လုံးဟာ ကိုဗစ်စစ်ဆေးမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ထားခဲ့ပြီး Negative Results တွေသာ ထွက်ထားခဲ့တာကြောင့် ပွဲစဉ်မတိုင်ခင်မှာပဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းမှုတွေပါ လုပ်ဆောင်လာရနိုင်ပါတယ်။ တကယ်လို့များ ဒီကစားသမား (၂)ဦးလုံးသာ လူစာရင်းအတွင်း ပြန်လည်ပါဝင်လာခဲ့မယ်ဆိုရင် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က အသင်းရဲ့ကွင်းလယ်ပိုင်းမှာ မေဆန်မောင့်ကို ပြန်လည်နေရာပေးဖွယ် ရှိနေပေမယ့် ဘယ်ခြမ်းခံစစ်မှာတော့ ဘင်ချီဝဲလ်ထက် လုခ်ရှောကိုပဲ ဆက်လက်နေရာပေးနိုင်ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် ဇွန်(၂၉)ရက်နေ့ည (၁၀)နာရီခွဲအချိန်မှာ သူတို့အသင်းအတွက် အခက်ခဲဆုံး ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဂျာမနီအသင်းနဲ့ (၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို ဆင်နွဲသွားရမှာဖြစ်ပါတယ်။