MySport Myanmar

မေဆန်မောင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အစဉ်အလာ ပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ ဆာဘစ်ဇာ (အငှား) စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ကသာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကွင်းလယ်လူ ၁ဦး (သို့) ၂ဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပါ။

Photo Credit: Football London

တဖက်မှာတော့ အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပေမယ့် လုပ်ခလစာ နည်းပါးမှုကြောင့် ချယ်လ်ဆီးနဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား တဦး ဖြစ်သလို ခြေစွမ်းခြေစလည်း ရှိတဲ့ မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း မေဆန်မောင့်ရဲ့ ပရိသတ် တဦး ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာ ယနေ့မနက် အစောပိုင်းမှာပဲ မေဆန်မောင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ယူနိုက်တက်ဟာ မေဆန်မောင့်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ချယ်လ်ဆီးနဲ့ ဆက်လက် ညှိနှိုင်းရန်သာ လိုတော့ကြောင်း သိရပါတယ်။

မေဆန်မောင့်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့ပေမယ့် ချယ်လ်ဆီးဘက်က သူတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် အတွက် ပေါင် ၇၀သန်း အထိ ဈေးခေါ်ထားပြီး ယူနိုက်တက်ကတော့ မေဆန်မောင့် အတွက် ပေါင် ၄၀သန်း ဝန်းကျင်သာ ပေးချေချင်နေပါတယ်။

Exit mobile version