ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ မူခိုကိုဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူနီယန် ဘာလင်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီး နောက်မှာ ဘွန်ဒက်လီဂါ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ယူနီယန် ဘာလင်အသင်းက အိမ်ကွင်းမှာ ဒေါ့မွန်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ မူခိုကိုဟာ ဒေါ့မွန်အသင်း အတွက် ပွဲထွက် ပါဝင် ကစားခွင့် ရခဲ့ပြီး ပွဲကစားချိန် မိနစ် ၆၀မှာ အသင်းအတွက် ချေပဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 mins

မူခိုကိုဟာ အဆိုပါ သွင်းဂိုးကို သွင်းယူချိန်မှာ အသက် ၁၆နှစ်နဲ့ ၂၈ရက်သာ ရှိသေးတာကြောင့် ဘွန်ဒက်လီဂါ သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ စည်းမျဉ်းတွေ အရ ကစားသမား တစ်ဦးဟာ အသက် ၁၆နှစ်ပြည့်မှ ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ပါဝင် ကစားခွင့် ရတာကြောင့် အသက် ၁၆နှစ် ၊ ၂၈ရက်နဲ့ စံချိန်တင်ခဲ့တဲ့ မူခိုကိုရဲ့ စံချိန်ကို အခြား လူငယ် ကစားသမားတွေ အနေနဲ့ ချိုးဖျက်ဖို့ ခက်ခဲမယ့် အနေအထားပါ။ မူခိုကိုဟာ သူ့ရဲ့ စီနီယာ ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့ပေမယ့် ဒေါ့မွန်အသင်း ကတော့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေး ဇယားရဲ့ အဆင့်၄နေရာ အထိ ရောက်ရှိခဲ့ပါတယ်။

Photo Credit: 90 mins

မူခိုကိုဟာ ဒေါ့မွန်အသင်းရဲ့ သမိုင်းမှာ အတောက်ပဆုံး လူငယ် ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး အသက် ၁၆နှစ် အရွယ်သာ ရှိသေးပေမယ့် တစ်ပတ်ကို လုပ်ခလစာ ပေါင် ၆၀၀၀အထိ ရရှိနေသူ ဖြစ်ကာ အနာဂတ် မှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ခံထား ရပါတယ်။ မူခိုကိုဟာ ဒေါ့မွန်အသင်းထံ ၂၀၁၆ခုနှစ်မှာ စတင် ရောက်ရှိလာသူ ဖြစ်ပြီး အသက် ၁၅နှစ် အရွယ်မှာ ကတည်းက အသင်းရဲ့ လူငယ်အသင်းတွေ ဖြစ်တဲ့ ယူ-၁၇နဲ့ ယူ-၁၉တို့မှာ ပါဝင် ကစားခဲ့ကာ ၈၈ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၁၄၄ဂိုးအထိ သွင်းယူ နိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းဟာ ယခုလို သူ့ကို ယုံယုံကြည်ကြည်နဲ့ နေရာ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို တန်ကြေးမြင့် လူငယ်ကြယ်ပွင့်တွေကို မွေးထုတ် ပေးလေ့ ရှိတဲ့ ဒေါ့မွန်အသင်းမှာ မူခိုကိုဟာ ကြယ်ပွင့်တစ်ဦး အဖြစ် မွေးဖွားလာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။