လူငယ်ကစားသမားတွေကို အသင်းမှာ အမြဲလိုလို ယုံကြည်စွာနဲ့ နေရာပေးကာ မြေတောင် မြှောက်ပေးတတ်တဲ့ ဘွန်ဒက်လီဂါကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ နောက်ထပ် လူငယ်ကြယ်ပွင့် ကစားသမား တစ်ဦးကို မွေးထုတ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ အဆိုပါကစားသမားကတော့ အသက်၁၅နှစ်အရွယ် မူခိုကို ဖြစ်ပြီး ဒေါ့မွန်အသင်းဟာ အဆိုပါကစားသမားလေးကို အသင်းရဲ့ ယူ၁၇ကနေ စီနီယာအသင်းကြီးထံ လာရောက်ပူးပေါင်းဖို့အတွက် ပြောဆိုထားကြောင်း ဂျာမန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Standard.com

မူခိုကိုဟာ အသက်၁၅နှစ်အရွယ်သာ ရှိသေးပေမယ့် လက်ရှိဘောလုံးရာသီမှာ ဒေါ့မွန် ယူ ၁၇ အသင်းအတွက် ၁၈ပွဲကစားထားရာမှာ ၃၁ဂိုး အထိ သွင်းယူထားခဲ့ပြီး အဆိုပါမှတ်တမ်းတွေကြောင့် မူခိုကို ကို ဒေါ့မွန်အသင်းဘက်က စီနီယာအသင်းဆီ လာရောက်ပူးပေါင်းဖို့ စီစဉ် နေပါတယ်လို့ ဒေါ့မွန်အသင်းရဲ့ နည်းပြ ဖက်ဗ်ရီက ပြောဆိုထားခဲ့ပါတယ်။ ဖက်ဗ်ရီက မူခိုကိုရဲ့ အရည်အသွေးဟာ အသင်းကြီးမှာ လာရောက် ကစားဖို့ အဆင်ပြေကြောင်းနဲ့ မကြာခင်မှာပဲ မူခိုကို ကို အသင်းရဲ့လူစာရင်းမှာတွေ့မြင်လာရဖွယ်ရှိကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

Photo Credit: Standard.com

လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့တိုက်စစ်ကို အသက်၁၉နှစ်အရွယ် ဟာလန်းက ဦးဆောင်နေတာကြောင့် မူခိုကို အနေနဲ့ ဒေါ့မွန်အသင်းမှာ နေရာရဦးမှာ မဟုတ်ပေမယ့် ဒေါ့မွန်အသင်းရဲ့ ထုံးစံအတိုင်း ဟာလန်းအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးသာရပါက ရောင်းချနိုင်ဖွယ် ရှိတာကြောင့် မူခိုကိုဟာ လာမယ့်နှစ်နှစ်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ယခုနှစ် ရာသီမကုန်ဆုံးမီမှာ အသက်၁၆နှစ်ပြည့်မယ့် မူခိုကို ဟာ ဒေါ့မွန်အသင်းအတွက် ကစားရနိုင်ဖွယ် ရှိတာကြောင့် ဒေါ့မွန်အသင်းရဲ့ အသက် အငယ်ဆုံးနဲ့ ပွဲထွက်ခွင့်ရတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။