ကဲ ပရိသတ်တွေ အားလုံး ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ဆောင်းရာသီဈေးကွက် ကတော့ တရားဝင် ပိတ်သွားခဲ့ပါပြီ။ ဆောင်းရာသီဈေးကွက် ဆိုတာဟာ အသင်းတသင်းရဲ့ ရာသီကုန် မျှော်မှန်းချက်တွေ အတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ ဈေးကွက်တခု ဖြစ်တာကြောင့် လိုအပ်ချက် များပြားနေတဲ့ အသင်းတွေဟာ ကစားသမား အင်အား ဖြည့်တင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြသလို တချို့အသင်းတွေကလည်း ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားရင်း အချိန်ကုန်သွားတာတွေ ရှိပါတယ်။

ဒီတခါမှာတော့ ကျွန်တော်က ပရိသတ်တွေကို ဆောင်းရာသီ ဈေးကွက်မှာ ငွေကြေး အများဆုံး သုံးစွဲခဲ့တဲ့ အသင်း ၅သင်း အကြောင်းကို တင်ဆက် ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: Daily Mail

၅။ အဲဗာတန် (ယူရို ၃၈သန်း)

ပြီးခဲ့တဲ့ ရာသီဝက်ကာလ အတွင်းမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာကြောင့် နည်းပြနေရာကအစ အပြောင်းအလဲတွေ လုပ်ခဲ့တဲ့ အဲဗာတန်ဟာ ယခု ဆောင်းရာသီ ဈေးကွက်မှာတော့ အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေကို ခပ်မြန်မြန်ပဲ အင်အားဖြည့်တင်းခဲ့ပါတယ်။ အဲဗာတန်ဟာ ရိန်းဂျား ညာနောက်ခံလူ ပက်တာဆန်ကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့သလို ယူကရိန်း လူငယ်ကြယ်ပွင့် နောက်ခံလူ မိုင်ကိုလန်ကိုကိုလည်း ယူရို ၂၁ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ စပါးကွင်းလယ်လူ အလီတို့ကိုလည်း အငှားကြေးတွေ ပေးပြီး ခေါ်ထားပါတယ်။

Photo Credit: Daily Mail

၄။ လီဗာပူး (ယူရို ၄၅သန်း)

လီဗာပူးအသင်း ကတော့ ဆောင်းရာသီဈေးကွက် အတွင်းမှာ မာနေးနဲ့ ဆာလာတို့ မရှိတဲ့နောက် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းခဲ့ပြီး ပေါ်တိုရဲ့ တိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။ လီဗာပူးဟာ ဖူလ်ဟမ် လူငယ်ကြယ်ပွင့် ကာဗယ်ဟိုကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် စာရွက်စာတမ်းကိစ္စ အလျင်မမှီခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာခဲ့ခြင်းတော့ မရှိပါဘူး။

Photo Credit: Marca

၃။ ဘာစီလိုနာ (ယူရို ၅၅သန်း)

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို လက်လွှတ်ရပြီးနောက် ရလဒ်ကောင်းတွေ ၊ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာကတော့ ယခု ဆောင်းရာသီဈေးကွက်မှာ အတော်လေးကို ခပ်သွက်သွက် လှုပ်ရှားခဲ့ပါတယ်။ ဘာစီလိုနာဟာ မန်ချက်စတာ စီးတီး ကနေ စပိန်ကြယ်ပွင့် ဖာရန်းတောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့သလို ဝုဗ်တောင်ပံ ကစားသမား ထရာအိုရေးကိုလည်း အငှားနဲ့ ခေါ်ယူထားပြီး အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရအောင် ခေါ်ခဲ့ပါတယ်။

Photo Credit: Marca

၂။ ဂျူဗင်တပ် (ယူရို ၈၂သန်း)

ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချခဲ့တဲ့ ဂျူဗင်တပ်ဟာ ယခု ဆောင်းရာသီ ဈေးကွက်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်သွားခဲ့ပြီး ဖီအိုရင်တီးနားနဲ့ တောက်ပနေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ကို ယူရို ၇၀သန်း အထိ ပေးချေကာ အမိအရ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် မိုချန် ဂလာဘက် ကွင်းလယ်လူ ဇာကာရီယာကိုလည်း ယူရို ၇သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့ပြီး ဖရိုစီနိုနီရဲ့ အဓိက ကစားသမား ဂူတီကိုလည်း ယူရို ၅သန်း ဝန်းကျင်နဲ့ အပြောင်းအရွှေ့ နောက်ဆုံံးနေ့ရက်မှာ တူရင်မြေဆီ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

၁။ နယူးကာဆယ် (ယူရို ၉၇သန်း)

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံထားရတဲ့ နယူးကာဆယ် ကတော့ ယခု ဆောင်းရာသီ ဈေးကွက်မှာ ကစားသမား ခေါ်ယူမှု အများဆုံး လုပ်ဆောင်ခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး အရှင်မွေးရင် နေ့ချင်းကြီး ဆိုတဲ့ စကားပုံအတိုင်း ဆောင်းရာသီ ဈေးကွက် အပြီးမှာ အတော်လေးကို ကစားသမား အင်အား တောင့်တင်းသွားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဆောင်းရာသီဈေးကွက် အတွင်းမှာ လိုင်ယွန် ကွင်းလယ်လူ ဂွီမာရေးစ် (ယူရို၄၀သန်း + အပိုဆုကြေး ၂သန်း) ၊ ဘန်လေ တိုက်စစ်မှူး ခရစ်ဝုဒ် (ယူရို ၂၈သန်း ဝန်းကျင်) ၊ အက်သလက်တီကို ညာနောက်ခံလူ ထရစ်ပီယာ (ယူရို ၁၅သန်း ဝန်းကျင်) ၊ ဘရိုက်တန် ခံစစ်မှူး ဒန်းဘန်း (ယူရို ၁၄သန်း ဝန်းကျင်) တို့ကို အပြီးသတ် ခေါ်ယူခဲ့သလို အက်စ်တွန်ဗီလာ အစွန်နောက်ခံလူ တားဂတ်စ်ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါသေးတယ်။