ခံစစ်ကစားသမားတစ်ယောက်ရဲ့ အဓိကတာဝန်က ပြိုင်ဘက်အသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေဟန့်တားပေးရင်းနဲ့ ကိုယ့်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ပြန်လည်စတင်ပေးနိုင်တဲ့ တာဝန်ကိုပါ ထမ်းဆောင်ရတာဖြစ်သလို ရံဖန်ရံခါမှာလည်း အသင်းအတွက် လိုအပ်ရင်လိုအပ်သလို ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကနေတစ်ဆင့် သွင်းဂိုးတွေကို ရယူပေးရတတ်ပါတယ်။ ဒါကြောင့်မို့ တချို့ခံစစ်ကစားသမားတွေရဲ့ ကစားသမားဘဝအတွင်း သွင်းယူခဲ့သော သွင်းဂိုးအရေအတွက်တွေက မထင်မှတ်ထားလောက်အောင် များပြားနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Ronaldo.com

ဥပပမာပေးပြီးပြောရဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်လို ခံစစ်ကစားသမားဖြစ်ပေမယ့် သူရဲ့သွင်းဂိုးပမာဏက (၁၁၁)ဂိုးအထိတောင် ရှိလို့နေတာက အံ့အားသင့်စရာပါ။ ဒါပေမယ့် ခံစစ်ကစားသမားတွေ အားလုံးထဲမှာကတော့ ရာမို့စ်ထက် ဂိုးပမာဏများစွာ သွင်းယူထားခဲ့သူတစ်ယောက်ရှိပါတယ်။ သူက လက်ရှိမှာဆို နည်းပြတစ်ယောက်အဖြစ်တောင် ကျင်လည်နေပြီဖြစ်တဲ့ ရော်နယ်ကိုးမန်းပါ။ ဘာစီလိုနာနဲ့ နယ်သာလန်နောက်ခံလူဟောင်း ရော်နယ်ကိုးမန်းက သူရဲ့ကစားသမားဘဝအတွင်းမှာ သွင်းဂိုးပေါင်း(၂၅၃)ဂိုးအထိတောင် မနည်းမနော သွင်းယူထားနိုင်သူလည်း ဖြစ်နေခဲ့ပါတယ်။

Photo Credit : Sportskeeda

ဂရိုနင်ဂျန်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ရော်နယ်ကိုးမန်းဟာ PSV အေဂျက်စ် ဘာစီလိုနာနဲ့ ဖီယင်နော့အသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့သလို နယ်သာလန်လက်ရွေးစင်အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်ခဲဲ့သူလည်းဖြစ်ပါတယ်။ ခံစစ်မှူးတစ်ယောက်ဆိုပေမယ့် ပင်နယ်တီနဲ့ ပြစ်ဒဏ်ဘောတာဝန်တွေ ထမ်းဆောင်ထားရတဲ့ ကိုးမန်းဟာ တိုက်စစ်မှူးတစ်ယောက်ထက်တောင် ဂိုးပမာဏက ပိုများနေခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရွေးစင်အသင်းအတွက် သွင်းဂိုးနည်းပါးခဲ့ပေမယ့်လည်း PSV အသင်းမှာ ကစားခဲ့စဉ်တုန်းက (၉၈)ပွဲမှာ (၅၁)ဂိုးအထိ သွင်းယူခဲ့သလို ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်းကလည်း (၁၉၂)ပွဲအထိ ကစားပေးနိုင်ခဲ့ကာ သွင်းဂိုးပေါင်း (၆၇)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ကိုးမန်းဟာ သူရဲ့အသင်းဟောင်း ဘာစီလိုနာရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။