စက်တင်ဘာလ တတိယအပတ်အတွင်း နိုင်ငံတကာပွဲစဉ်တွေ မဆင်နွဲခင်အထိ ယှဉ်ပြိုင်ကျင်းပထားခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပထိပ်သီး အမှတ်ပေးလိဂ်ကြီး(၅)ခုထဲကမှ ဂိုးပါဝင်ပတ်သက်မှု အမြင့်ဆုံး ဖြစ်နေကြတဲ့ ကစားသမား(၅)ယောက်ကို ရွေးချယ်ဖော်ပြပေးသွားချင်ပါတယ်။

၅။ ရှာရဒိုဘတ်ကာ (အူန်ယွန်းဘာလင်)

လက်ရှိ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲလည်း မရှိသေးသလို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အူန်ယွန်းဘာလင်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဘတ်ကာကတော့ အသင်းအတွက် သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားခဲ့ပြီး လက်ရှိ ဒီရာသီမှာ ဘွန်ဒစ်လီဂါရဲ့ ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်နေပါတယ်။

၄။ လီဝန်ဒေါစကီး (ဘာစီလိုနာ)

ဒီနွေမှာ ဘိုင်ယန်ကနေ ဘာစီလိုနာကို ရောက်လာခဲ့တဲ့ ပိုလန် ဂိုးမုဆိုကြီး လီဝန်ကတော့ သူ့အတွက် နယ်မြေသစ်တစ်ခုဖြစ်တဲ့ လာလီဂါမှာ တာထွက် အလွန်ကောင်းနေရပြီး (၈)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့အပြင် (၂)ဂိုးပါ ဖန်တီးထားနိုင်ခဲ့ပါတယ်။

၃။ မက်ဆီ (ပီအက်စ်ဂျီ)

ပြင်သစ်မြေမှာ ဒုတိယမြောက် ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေတဲ့ မက်ဆီဟာ လက်ရှိအချိန်မှာ အသင်းနဲ့ လီဂူး(၈)ပွဲ ကစားထားပြီးချိန် သွင်းဂိုးက (၄)ဂိုးသာ ရှိထားပေမယ့်လည်း ဂိုးဖန်တီးမှုမှာတော့ (၇)ဂိုးထိတောင် ရှိထားခဲ့ရပါတယ်။ ဒီ top five list ထဲမှာတော့ မက်ဆီရဲ့ ဂိုးဖန်တီးမှုက အမြင့်ဆုံးလည်း ဖြစ်နေပါတယ်။

၂။ ဟာလန်း (မန်စီးတီး)

နော်ဝေ ဂိုးသွင်းစက် ဟာလန်းကတော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ စတင် ခြေချခဲ့တဲ့ ဘောလုံးရာသီမှာပဲ နှစ်ကြိမ်ဆက် ဟက်ထရစ်နဲ့အတူ စုစုပေါင်း သွင်းဂိုး (၁၁)ဂိုးအထိ ရှိထားခဲ့ရပြီး ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဟာလန်းက လက်ရှိ လိဂ်(၅)ခုလုံးမှာလည်း ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်နေရပါတယ်။

၁။ နေမာ (ပီအက်စ်ဂျီ)

Neymar sends beautiful message to Real Madrid star

ဘရာဇီးလ် စူပါစတား နေမာကတော့ ဒီရာသီမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပြီး သူရဲ့ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး (၈)ဂိုးထိ သွင်းယူထားခဲ့သလို အသင်းဖော်တွေအတွက်ပါ (၇)ဂိုးအထိ ပြန်လည် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ နေမာကတော့ ဂိုးသွင်းအားလည်း ကောင်းမွန်နေသလို ဂိုးဖန်တီးမှုမှာလည်း သူ့အသင်းဖော် မက်ဆီနဲ့ တူညီလျက် ရှိနေပါတယ်။