မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီက မန်ယူ ကွင်းလယ်လူဟောင်း မော်ရီဆန်ဟာ လက်ရှိ မန်ယူ ကွင်းလယ် ကစားသမားတွေ အားလုံးထက် အများကြီး ပို ကောင်းတယ်လို့ ပြောကြားသွားခဲ့ပြီး ကွင်းလယ် ကစားသမား ပေါ့ဘာထက် အများကြီး ပို ကောင်းတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ကွင်းလယ်လူ မော်ရီဆန်ဟာ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်မှာ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းကို ရောက်လာခဲ့ပြီး အသက် (၁၇) နှစ်အရွယ်မှာ မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပေမဲ့ မန်ယူအသင်းမှာ (၂) နှစ်ကြာ ကစားပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းကို ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ မော်ရီဆန်ဟာ မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တာကြောင့် (၂၀၁၂) မှာ ဝက်စ်ဟမ်းအသင်းကို ပြောင်းခဲ့ပြီး ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့စဉ်က အခြားအသင်းတွေကို အငှားနဲ့ သွားရောက် ကစားခဲ့ရာကနေ (၂၀၁၅) ခုနှစ်မှာ လာဇီယိုအသင်းကို ပြောင်းခဲ့ပါတယ်။ မော်ရီဆန်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲက ရှက်ဖီးလ်အသင်းနဲ့ စာချုပ် ချုပ်ထားပေမဲ့ ချန်ပီယံရှစ် ပြိုင်ပွဲက မစ်ဒယ်ဘရောင်းအသင်းမှာ အငှားနဲ့ သွားရောက် ကစားနေပြီး ရွန်နီက မော်ရီဆန်ဟာ ကွင်းလယ်မှာ ဆိုရင် ပေါ့ဘာထက် ပို ကောင်းတယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Goal

Sunday Times Column မှာ ရွန်နီက “ကျွန်တော် မော်ရီဆန်ကို ကြည့်ပြီး သူက သူ့ရဲ့နေရာမှာ ကစားဖို့ လိုအပ်တဲ့ အရည်အချင်း အကုန် ရှိတယ်လို့ ကျွန်တော် တွေးဖူးတာကို သတိရမိတယ်။ လေ့ကျင့်ရေး ဆင်းနေကြတဲ့ အချိန်မှာ သူက ဗီဒစ်ကို (၁) မိနစ်အတွင်းမှာ ပေါင်ကြားထဲ (၃) ကြိမ် ထည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ ပတ်ဝန်းကျင်ကြောင့် ရုန်းကုန်ခဲ့ရပြီး အဲဒါက သူ့အတွက် စိတ်မကောင်းစရာပါပဲ။ ပေါ့ဘာ၊ လင်ဂတ် နဲ့ အခြားကစားသမားတွေ အောင်မြင်လာကြတာကို ကျွန်တော် မြင်ခဲ့ပါတယ်။ သူတို့တွေ အားလုံးထက် မော်ရီဆန်က အများကြီး ပိုကောင်းတယ်။ သူက ဘောလုံး လောကမှာ ဘယ်ကစားသမားမဆို လိုက်ရမယ့် စည်းမျဉ်း ရှိပြီး လိုက်နာရမယ် ဆိုတာကို သက်သေပြခဲ့တယ်။ သူက တကယ့် ကြေးစားကစားသမားပါပဲ”လို့ ပြောခဲ့ပါတယ်။