ရာဗယ်မောရစ်ဆန်ဆိုတဲ့ ဘောလုံးသမားလေးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ သူရဲ့ဘောလုံးသမားဘဝကို စတင်ခွင့်ရခဲ့ပြီး အကယ်ဒမီအသင်းမှာ အတော်လေး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် စီနီယာအသင်းသားအဖြစ် ရွေးချယ်ခံရပြီးနောက်မှာ စည်းကမ်းပိုင်းလိုက်နာမှုတွေ အားနည်းချက်ရှိတာကြောင့် သူ့ကို ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကနေ အမြင်မကြည်မလင် ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းကနေ ပြောင်းရွှေ့ကြေးအနည်းငယ်လေးနဲ့ ရောင်းထုတ်ခံခဲ့ရပါတယ်။ လက်ရှိတော့ မော်ရစ်ဆန်ဟာ မစ်ဒယ်ဘရော့အသင်းမှာ တစ်ရာသီ အငှားကစားသမားအဖြစ် ဖြတ်သန်းလို့နေရပါတယ်။

Photo Credit : Medium

အသက်(၂၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား မော်ရစ်ဆန်ဟာ မန်ချက်စတာမှာပဲ မွေးဖွားခဲ့ပြီး အသက်ငယ်ငယ်လေးမှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ခဲ့ရကာ ၂၀၁၀ခုနှစ်မှာပဲ အသင်းနဲ့ စီနီယာစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပေါ့ဘာ လင်ဂတ်တို့လို ကစားသမားတွေနဲ့အတူ ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ မော်ရစ်ဆန်ဟာ ၂၀၁၁ခုနှစ်မှာ ယူနိုက်တက်လူငယ်အသင်းနဲ့ အက်အေလူငယ်ဖလားကို ဗိုလ်စွဲနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းကြီးအတွက် ရှံးထွက်ပွဲတွေမှာ ဝင်ရောက်ကစားခွင့်တွေ ရရှိခဲ့ပေမယ့် ၂၀၁၂ခုနှစ်မှာတော့ အသင်းကနေ ရောင်းချခံခဲ့ရပါတယ်။

Photo Credit : The Sun

မော်ရစ်ဆန်ဟာ ယူနိုက်တက်မှာ ရှိတုန်းက စည်းကမ်းပိုင်းတွေ မလိုက်နာနိုင်ခဲ့တာကြောင့် ဖာဂူဆန်ပေးခဲ့တဲ့ အခွင့်အရေးတွေ သူကိုယ်တိုင်ဖျက်ဆီးခဲ့သလို ဖြစ်စေခဲ့ပြီး အဲ့ဒီနောက် (၆)နှစ်တာအတွင်းမှာ အသင်း(၉)သင်းအထိကို ပြောင်းရွှေ့ကစားခဲ့ရကာ သူရဲ့ခြေစွမ်းတွေလည်း တည်ငြိမ်မှုအားနည်းခဲ့ပါတယ်။ ဒီလို ခြေစွမ်းကျဆင်းခဲ့တဲ့ မော်ရစ်ဆန်နဲ့ပတ်သက်ပြီး သူရဲ့စီနီယာဖြစ်ခဲ့ဖူးတဲ့ ရီယိုဖာဒီနန်က “ကျွန်တော့်သူ့ကို အနီးကပ်သင်ကြားပေးဖို့ ပြောခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဖာဂူဆန်ကိုယ်တိုင်က ဒီချာတိတ်လေးနဲ့ ခပ်ခွာခွာနေဖို့ ကျွန်တော့်ကို မှာကြားခဲ့လို့ မသင်ကြားနိုင်ခဲ့ပါဘူး။ တကယ်လို့များ သူသာ အဲ့ဒီအချိန်က သူ့အတွက် ဆရာသမားကောင်းတစ်ယောက်နဲ့ အနီးကပ်သင်ကြားဖြစ်ခဲ့မယ်ဆိုရင် သူအခုလိုတွေဖြစ်နေမှာမဟုတ်ဘူး။ မော်ရစ်ဆန်အနေနဲ့ ပေါင်သန်းတစ်ရာတန် ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ အခုတော့ ကျွန်တော့်သူ့ကို သိပ်တောင်မတွေ့ဖြစ်တော့ပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။