MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘုန်းမောက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ စကော့တလန်တောင်ပံကစားသမား ရိုင်ယန်ဖရေဆာကို နယူးကာဆဲလ်အသင်းက အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပါ ဆေးစစ်မှုခံယူပြီး အပြောင်းအရွေ့ကို အပြီးသတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အထောင်တိုက်စစ်နေရာအတွက် တိုက်စစ်ကစားသမားတစ်ယောက်ကို ရှာဖွေလျက်ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဝါရင့်တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူသွားဖို့ ဘာစီလိုနာအသင်းနဲ့ပါ ပြောင်းရွေ့ကြေးပိုင်းဆိုင်ရာ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ ဒါ့အပြင် ဂျုဗင်တပ်စ်အသင်းဟာ Free Agent ဖြစ်လို့နေတဲ့ ကာဗာနီကိုလည်း ထပ်မံကမ်းလှမ်းဖွယ် ရှိလို့နေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေက ပီအက်စ်ဂျီအသင်းအနေနဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးကို ပိုင်ဆိုင်ရနိုင်ဖို့အတွက် ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေများစွာကို ခေါ်ယူအားဖြည့်သင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ ဂိုးသမား​ဟောင်းကြီးဖြစ်တဲ့ တိုမာဆိုဘာနီဟာ အင်တာကစားသမားဘဝ (၆)နှစ်တာ ကာလအတွင်း အသင်းအတွက် တစ်ပွဲတစ်လေမှ ပါဝင်ကစားခဲ့ခြင်းမရှိပေမယ့် အနီကတ်(၂)ကတ်ထိကိုတော့ ပြသခံခဲ့ရပါတယ်။ အသက်(၃၇)နှစ်အရွယ် ဂိုးသမားကြီးဘာနီဟာ အင်တာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားခဲ့သူဖြစ်ပြီး အင်တာအတွက် တစ်ပွဲမှ မပါဝင်ထားခဲ့ပေမယ့် အရန်ခုံပေါ်ကနေ စောဒကတတ်မှုကြောင့် အနီကတ်ပြထုတ်ပယ်ခံရတာဖြစ်ပါတယ်။

အဲဗာတန်နည်းပြ ကားလို့စ်အန်စလော့တီက နာပိုလီအသင်းကနေ ခေါ်ယူလိုက်ပြီဖြစ်တဲ့ အယ်လန်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့သလို အယ်လန်ကလည်း သူ့အနေနဲ့ အဲဗာတန်အသင်းဆီကို ပြောင်းရွေ့လာရတာကာ သူနဲ့နာပိုလီအသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ နည်းပြအန်စလော့တီကြော့င်သာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။