MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းဟာ မနေ့ညတုန်းက သူတို့ရဲ့လေ့ကျင့်ရေးကွင်းအတွင်း အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာ (၂)ဂိုး (၃)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ ဒီပွဲကို တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိပဲ ကျင်းပခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကနေ ရောက်ရှိလာခဲ့တဲ့ ဝီလီယံလည်း ပါဝင်ကစားခဲ့ကာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးကိုတော့ အူဘာမီယန်းတစ်ယောက်တည်းကပဲ သွင်းယူခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်း အမြင့်မားဆုံးလှုပ်ရှားမှုတစ်ခုအဖြစ် ပေါ်တိုအသင်းရဲ့ပေါ်တူဂီလူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဖာဘီယိုဆေးဗားကို ကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၃၅.၆)သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို များစွာလုပ်ဆောင်လို့နေတဲ့ ပရီးမီးယားလိဂ်တန်းတတ်အသင်း လိဒ်စ်ယူနိုက်တက်ဟာ လက်ရှိမှာလည်း အငှားစာချုပ်ပြည့်လို့ ဆယ်တာဗီဂိုကနေ ဘာစီလိုနာအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား ရာဖင်ဟာကို ပေါင်(၁၄)သန်းနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်လက်ရွေးစင် လူငယ်နောက်ခံကစားသမား ဆာဂျီအိုရယ်ဂီလွန်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းခြင်းမရှိခဲ့ပဲ တစ်ရာသီအငှားစာချုပ်နဲ့သာ ကမ်းလှမ်းခဲ့တယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ နောက်ထပ်တစ်ရာသီ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ အသိပေးခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ဆက်လက်ပျက်ကွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။