MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကျင်းပသွားခဲ့တဲ့ ကိုဆိုဗိုယူ-၂၁အသင်းနဲ့ အင်္ဂလန်ယူ-၂၁အသင်းတို့ရဲ့ ယူရို ယူ-၂၁ ခြေစစ်ပွဲအတွင်းမှာ အင်္ဂလန်အသင်းက ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ကိုဆိုဗိုကို (၆)ဂိုး ဂိုးပြတ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး အဆိုပါပွဲအတွင်းမှာ အာဆင်နယ်အသင်းရဲ့လူငယ်တိုက်စစ်မှူးလေး အက်ဒီအန်ခီတီယက်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားသစ် တီမိုဝါနာက သူအနေနဲ့ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးဆီ မပြောင်းရွှေ့ခင် သူ့ကို မန်စီးတီးအသင်းဘက်ကနေ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင် ဖုန်းဆက်ကာ ဆက်သွယ်ခဲ့ပေမယ့် သူ့ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေတဲ့ အသက်(၂၁)နှစ်အရွှယ် စပိန်ကွင်းလယ်ကစားသမား ဘရာဟင်ဒီယက်ဇ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ခေါ်ယူလိုက်ကာ အငှားစာချုပ် ပြည့်မြောက်သွားချိန်မှာလည်း အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်အလက်ကိုပါ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုလို့ထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂျာမန်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကိုင်းလ်ဟားဗက်ဇ်ကို မနေ့ညကပဲ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေမယ့် ကစားသမားခေါ်ယူမှုကို အသင်းရဲ့တရားဝင်ဝက်ဆိုဒ်အတွင်း ထုတ်ပြန်ကြေညာခဲ့ရာ Kai ဆိုတဲ့နာမည်မှာ Kia လို့ မှားယွင်းရေးသားမိလို့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပါသေးတယ်။

 

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်တတ်လှမ်းလာခဲ့တဲ့ ဝက်ဘရွန်းအသင်းဟာ နွေရာသီ ကစားသမားအားဖြည့်တင်းမှုအဖြစ် ဝက်စ်ဟမ်းအသင်းရဲ့လူငယ်တောင်ပံကစားသမား ဒီယန်ဂန်နာကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ဝက်စ်ဟမ်းကလည်း ဒီယန်ဂန်နာကို ရောင်းချရငွေနဲ့ ဘရန့်ဖိုဒ့်အသင်းရဲ့အယ်ဘေးနီးယားတောင်ပံလူ ဘန်ရာမာကို ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။