MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၃၆)နှစ်အရွှယ်ရှိ ဝါရင့်တိုက်စစ်မှူးကြီး ဂလန်းမာရေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်သွားခဲ့ရပြီဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းက ဘရိုက်တန်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူသွားပြီဖြစ်ပါတယ်။ မာရေးဟာ မနှစ်ကဘောလုံးရာသီအတွင်းမှာ ဘရိုက်တန်အသင်းအတွက် ပြိုုင်ပွဲစုံသွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြင်သစ်လီဂူး နိုက်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ အသက်(၂၁)နှစ်အရွှယ် ပြင်သစ်နောက်ခံကစားသမား မာလန်ဆားလ်ကို အသင်းကနေ ပြန်လည်အငှားချသွားဖို့ စီစဉ်လျက်ရှိနေသလို လတ်တလောမှာ လေဗာကူဆင်အသင်းကနေ ဆားလ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူချင်နေတဲ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူက သူတို့အသင်းအနေနဲ့ ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့အတွက် လုံးဝကို အစီအစဉ်မရှိကြောင်းနဲ့ အဲ့ဒီလို မက်ဆီနဲ့ သူတို့အသင်းရဲ့ကောလဟာလသတင်းတွေက ဘယ်ကနေ ဘယ်လိုထွက်လာခဲ့သလဲဆိုတာကိုလည်း နားမလည်နိုင်ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ထိပ်သီးကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်နေရတဲ့ ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမား ဘင်ဝှိုက်ဟာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကနေ ဘရိုက်တန်ဆီ ပြန်ရောက်လာပြီးနောက်မှာ အသင်းပြောင်းခြင်းမရှိပဲ ဘရိုက်တန်အသင်းနဲ့ပဲ (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကိုသာ ချုပ်ဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖရန့်လမ်းပတ်ကိုယ်တိုင် ရောင်းထုတ်သွားချင်နေတဲ့ အသင်းသားနှစ်ဦးဖြစ်တဲ့ ဂိုးသမားကယ်ပါနဲ့ ကွင်းလယ်ကစားသမား ကန်တီတို့နှစ်ယောက်လုံးဟာ ချယ်လ်ဆီးကနေ မထွက်ခွာသွားချင်ပဲ သူတို့ရဲ့ပွဲထွက်ခွင့်တွေ ပိုင်ဆိုင်သွားရဖို့အတွက်သာ တိုက်ပွဲဝင်သွားချင်နေတယ်လို့ သိရှိရပါတယ်။