MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံအစွန်လူ ဆန်တီယာဂိုအာရီယက်စ်ကတော့ အခုအခါမှာ လေဗာကူဆင်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ ကိုလံလီယာ နောက်ခံကစားသမားဟာ လေဗာကူဆင်အသင်းမှာ ကျောနံပါတ်(၂)ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အင်တာမီလန်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ဝါရင်ဥရုဂွေးနောက်ခံကစားသမားဟောင်းကြီးဖြစ်သူ ဒီယေဂိုဂိုဒင်ဟာ အင်တာကနေ စီးရီးအေကလပ် ကာဂလီယာရီအသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း  ကာဂလီယာရီအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

လာဇီယိုအသင်းရဲ့ အီတလီတိုက်စစ်ကစားသမား အင်မိုဘီလီက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဥရောပရွှေဖိနပ်ဆုအတွက် သူနဲ့ပြိုင်ဘက်ဖြစ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက သူရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ဒီလိုသူမျိုးထက် သွင်းဂိုးအရေအတွက် ပိုမိုသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂုဏ်ယူမိကြောင်း ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အိုင်ဗန်နိုဗစ်ကို ခေါ်ယူထားခဲ့တဲ့ ဝက်ဘရွန်းအသင်းဟာ လက်ရှိမှာလည်း ပရီးမီးယားလိဂ် ကြယ်ပွင့်တစ်ဦးဖြစ်ပြီး အာဆင်နယ် မန်စီးတီးနဲ့ စပါးအသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ တိုဂိုတိုက်စစ်ကစားသမားကြီး အီမန်နူရယ်အဒီဘာယောကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးက သူတို့ရဲ့အသင်းဟာ လက်ရှိ နည်းပြသစ် အန်ဒရီပီယာလိုရဲ့လက်ထက်မှာ အရမ်းကို  ပျော်ရွှင်နေရပြီး လေ့ကျင့်ရေးအစီအစဉ်တွေက ခက်ခဲလွန်းနေပေမယ့် ပျော်ရွှင်မှုတွေကတော့ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။