MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြအိုလေဂန်နာဆိုးလ်ရှားက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှံးနိမ့်ခဲ့ရတာက ကစားသမားတွေရဲ့လေ့ကျင့်ခန်းအခြေအနေတွေက မပြည့်ဝသေးတာကြောင့်ဖြစ်ပြီး ကြားရက်မှာ လူတန်တောင်းအသင်းနဲ့ ရင်ဆိုင်သွားရမယ့် လိဂ်ဖလားပွဲစဉ်မှာတော့ ကစားသမားအပြောင်းအလဲတချို့ကို လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အသင်းသားဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ တစ်ရာသီအငှားအပြင် အငှားသက်တမ်းပြည့်ချိန်မှာ ယူရို(၄၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် စာချုပ်တစ်ရပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဒီနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားက သူအနေနဲ့ ချယ်လ်ဆီးကို ရောက်လာတာက ပရီးမီးယားလိဂ်မှာ ကစားဖူးချင်ရုံသက်သက်မဟုတ်ပဲ အသင်းနဲ့အတူ ဆုဖလားတွေ ရယူဖို့အတွက်သာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

နွေစျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံနေရတဲ့ အေဂျက်စ်အသင်းရဲ့ အမေရိကန်လူငယ်နောက်ခံကစားသမားလေး ဆာဂျီနိုဒက်စ်ကို လက်ရှိအချိန်မှာ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကနေ ကြားဖြတ်ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေ ရှိနေပြီလို့ နယ်သာလန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပေါ်တိုအသင်းရဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်က မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပေမယ့် ပေါ်တိုဘက်က သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)အထိ သတ်မှတ်ထားခဲ့ရာ ယူနိုက်တက်ဘက်ကတော့ ယူရို(၂၅)သန်းထက် တိုးမြင့်ပေးပြီး ကမ်းလှမ်းဖွယ်မရှိလို့ အပြောင်းအရွှေ့အထမြောက်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။