MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်နိုင်တဲ့အပေါ် စပါးအသင်းရဲ့နည်းပြဟောင်းလည်းဖြစ်ပြီး ဂါရတ်ဘေးလ်ရဲ့ဆရာဟောင်းလည်းဖြစ််တဲ့ ဟယ်ရီရက်နက်က အရမ်းကောင်းတဲ့ ခေါ်ယူမှုတစ်ခုလို့ သတ်မှတ်ခဲ့ကာ ဒီရာသီမှာလည်း စပါးအသင်းက ဆုဖလားတစ်လုံးကို ရရှိလိမ့်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့အတွက် အမှန်အကန်ကို ကြိုးပမ်းလျက်ရှိနေပြီး လက်ရှိမှာတော့ ပေါ်တိုအသင်းရဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံးဖြစ်လို့နေပြီလို့ သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၁)ကို အသင်းရဲ့တိုက်စစ်ကစားသမားလေး မားကို့စ်အဆန်စီယိုကို လွဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပြီး စပါးအသင်းနဲ့ဘေးလ်တို့ တရားဝင်အပြောင်းအရွှေ့မဖြစ်ခင်မှာပဲ အခုလို လွဲပြောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမားဟောင်း မီကာရစ်ချက်က အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ရှ်အနေနဲ့ ဒီနွေစျေးကွက်မှာ အသင်းပြောင်းခွင့်ရရဲ့သားနဲ့ အသင်းပြောင်းခြင်းမရှိပဲ ဗီလာအသင်းနဲ့ပင် (၅)နှစ်စာချုပ်အထိ သက်တမ်းတိုးမြင့်ခဲ့ခြင်းအပေါ် နောင်တရမိလိမ့်မယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဆက်လက်ပြီးတော့ လီဗာပူးလ်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေးအပိုင်းကို ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေကာ ယူရို(၄၃)သန်းနဲ့ ရောင်းချသွားဖွယ်ရှိနေပါတယ်။