MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ကို ခေါ်ယူသွားဖို့ အလွန်နီးစပ်လျက်ရှိနေပေမယ့် ရီးရဲလ်ဘက်ကနေ သတ်မှတ်ထားတဲ့ Buy-Back စာချုပ်ကိုတော့ ယူနိုက်တက်ဘက်ကနေ လက်မခံချင်နေတာကြောင့် နောက်ထပ်ညှိနှိုင်းရဖွယ်ရှိနေပြီး တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုလည်း အငှားစာချုပ်နဲ့ပါ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်အနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းဖွယ်မရှိပဲ အင်တာမီလန်အသင်းမှာပဲ ဆက်လက်ရှိနေလိမ့်မယ်လို့ မာတီနက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ပထမအဆင့်ပွဲစဉ်မှာ ဒေါ့မွန်အသင်းက ဒုစ်ဘတ်အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ယူခဲ့ပြီး ဒုတိယအဆင့်ဆီကို တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ဆန်ချို ဘယ်လင်ဟမ် သော်ဂန်ဟာဇက် ရေနာနဲ့ မားကို့စ်ရူးစ်တို့က သွင်းဂိုးတွေ အသီးသီးသွင်းယူခဲ့ကြပါတယ်။

ကူလီဘလီကို ခေါ်ယူသွားဖို့အတွက် ခက်ခဲလျက်ရှိနေတဲ့ မန်စီးတီးအသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဥရုဂွေးလက်ရွေးစင်နောက်ခံလူ ဟိုဆေးဂျီမီနက်ဇ်ကိုပဲ ပြောင်းလဲပစ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင်(၉၂)သန်းနဲ့ ထပ်မံကမ်းလှမ်းလာခဲ့ရာ အသက်လက်တီကိုဘက်ကနေ ထပ်မံပယ်ချသွားခဲ့ပြန်ပါတယ်။

ရိုးမားအသင်းဟာ နာပိုလီအသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမားမီလစ်ကို ယူရို(၂၅)သန်း+အပိုဆုကြေးနဲ့ ခေါ်ယူသွားဖို့ အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားဘက်ကနေသာ ရိုးမားကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့မယ်ဆိုရင် ရိုးမားကလည်း အသင်းရဲ့တိုက်စစ်ကစားသမား ဂျက်ကိုကို ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်ရောင်းချသွားမှာဖြစ်ပါတယ်။