MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းဟာ လိုင်ယွန်အသင်းရဲ့တိုက်စစ်ကစားသမား ဘာထရန်ထရာအိုရေးကို ခေါ်ယူသွားဖို့ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းထရာအိုရေးဟာ အခုတစ်ပတ်အတွင်းမှာပဲ ဗီလာအသင်းနဲ့အတူ ဆေးစစ်မှုခံယူတော့မှာဖြစ်ပါတယ်။

ဝုလ်ဗ်အသင်းရဲ့နည်းပြဖြစ်သူ နူနိုဆန်းတို့စ်ဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်း (၃)နှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီလို့ သိရပါတယ်။ ဆန်းတို့စ်ဟာ ၂၀၁၇ခုနှစ်ကမှ ဝုလ်ဗ်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်နိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ထိကိုလည်း ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပေါ်တူဂီညာနောက်ခံကစားသမား ဒါလော့ဟာ ပွဲထွက်ခွင့်တွေ နည်းပါးနေမှုကြောင့် အသင်းမှာ မပျော်ရွှင်တော့တာကြောင့် အသင်းနဲ့ လမ်းခွဲသွားဖို့ ဟန်ပြင်နေပေမယ့် ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ဒါလော့ကို အသင်းကနေ ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုက အဲဗာတန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ကပ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ပျက်စရာကောင်းခဲ့ရတယ်လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ သူတို့အသင်းရဲ့ဖိအားပေးမှုက လုံးဝကို ကောင်းမွန်ခြင်းမရှိပဲ ပျင်းစရာကောင်းတဲ့ ဖိအားပေးမှုလို့ ပြစ်တင်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်တောင်ပံကစားသမား လူးကပ်စ်ဗက်ဇ်ကေးကို ကာတာကလပ်အသင်းတစ်သင်းကနေ ခေါ်ယူသွားဖို့အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းထားခဲ့ပြီး ဗက်ဇ်ကေးကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တဲ့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားဖွယ် ရှိနေပါတယ်။