MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမား အန်ဂိုလိုကန်တီကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ကန်တီကိုလည်း အင်တာမီလန်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချယ်လ်ဆီးဘက်ကတော့ သူတို့အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့ဖူးတဲ့ နည်းပြဟောင်း အန်တိုနီယိုကွန်တီ ကိုင်တွယ်နေတဲ့ အင်တာအသင်းဆီကို ကစားသမားရောင်းချဖွယ် မရှိလောက်ဘူးလို့ သိရှိရပါတယ်။

နာပိုလီအသင်းမှာ ပုံမှန်ကစားခွင့်တွေ ပျောက်ဆုံးနေလို့ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ မက္ကဆီကိုတိုက်စစ်ကစားသမား လိုဇာနိုကို အဲဗာတန်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းကပါ အဲဗာတန်အပြိုင် သူတို့ရဲ့ပစ်မှတ်ဟောင်းဖြစ်တဲ့ လိုဇာကိုနို ပစ်မှတ်ထားလျက်ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ဘယ်ဂျီယံတိုက်စစ်ကစားသမား ဘတ်ရှုအာယီဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးတဲ့နောက်မှာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွင်း တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဆီ နောက်ထပ်တစ်ရာသီ အငှားနဲ့ ထပ်မံပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွှယ်သာရှိသေးတဲ့ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရီဆေးဗားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဘိုနာဗန်ကျူရာကိုလည်း ဖီအိုရင်တီးနားကနေ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းကနေ စိတ်ဝင်စားလျက်ရှိနေတဲ့ သူတို့အသင်းရဲ့ဂိုးသမားဖြစ်သူ အမ်မလီယာနိုမာတီနက်ဇ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ အဆင့်သင့်ဖြစ်လို့နေပြီး မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၅)သန်းလောက် ရရှိမယ်ဆိုပါက အသင်းကနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။