MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ဂိုးသမား အယ်ဖွန်အာရီယိုလာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ ဂိုးသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဆီ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ပါသေးတယ်။

SPORT သတင်းမီဒီယာကနေ ဖော်ပြလာချက်များအရ ဘာစီလိုနာအသင်းဟာ အာဆင်နယ်ရဲ့ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်ကို ခေါ်ယူသွားဖို့အတွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လာရင်ကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူချင်နေပြီး အာဆင်နယ်ကတော့ ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းဝန်းကျင်လောက် အလိုရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြဟန်ဆီဖလစ်က အနာဂတ်လှုပ်ခတ်လျက်ရှိနေတဲ့ အသင်းရဲ့ကစားသမားတွေဖြစ်သော ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာနဲ့ နောက်ခံကစားသမား ဒေးဗစ်အလာဘာတို့ နှစ်ယောက်လုံးဟာ လာမယ့်ရာသီအတွက် သူရဲ့ Plans တွေထဲမှာ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ပါရီဆစ်ကတော့ အင်တာမီလန်ကို ပြန်သွားတော့မှာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့နည်းပြယာဂင်ကလော့က သူတို့အသင်းအနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတွေလိုမျိုး ငွေကြေးသုံးစွဲမှုတွေ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းက ဂရိနောက်ခံလူ ဆီမီကက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပါတယ်။

ပီယာလိုလက်သစ်လို့ နာမည်ကြီးနေတဲ့ ဘရက်စီယာအသင်းရဲ့အီတလီလူငယ်ကွင်းလယ်ကစားသမားလေး ဆန်ဒရိုတိုနယ်လီကို အေစီမီလန်အသင်းကနေ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး အငှားစာချုပ်ပြည့်မြောက်သွားချိန်မှာတော့ အပြီးသတ်ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။