MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၃၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဂျုဗင်တပ်စ်နည်းပြဟောင်း မက်စ်အယ်လီဂရီကို ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းတို့ကနေ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်သွားဖို့အတွက် စိတ်ဝင်စားနေကြပြီး အယ်လီဂရီကိုယ်တိုင်ကတော့ အီတလီမှာပဲ ဆက်နေဖို့ရှိနေတဲ့အတွက် ရိုးမားကိုသာ ရွေးချယ်နိုင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံရဖွယ်ရှိနေတဲ့ ဗစ်တာဖောင့်က သူသာ ဘာစီလိုနာရဲ့ ဥက္ကဌသစ်ဖြစ်လာခဲ့မယ်ဆိုရင် အသင်းရဲ့နည်းပြဟောင်းပတ်ဂွာဒီယိုလာကို ပြန်လည်ခေါ်ယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တဲ့အတွက် ဂွာဒီယိုလာက သူအနေနဲ့ မန်စီးတီးမှာပဲ ပျော်ရွှင်နေပြီး အသင်းမှာ ဆက်လက်ရှိနေချင်တယ်လို့ ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့အတွက် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲအနည်းငယ်ကို လွဲချော်ထားခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အခုဆိုရင် ကိုဗစ်ကနေ ပြန်လည်သက်သာလာပြီး စပီဇီယာအသင်းနဲ့ ရင်ဆိုင်ရမယ့် စီးရီးအေပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ အဲဗာတန်အသင်းကနေ မူလအသင်းဟောင်းဖြစ်တဲ့ ဆောက်သမ်တန်အသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား သီအိုဝဲလ်ကော့က ဆောက်သမ်တန်အသင်းအတွက် ပါဝင်ကစားနေရတာကို အလွန်ပျော်ရွှင်လျက်ရှိနေပြီး အငှားပြောင်းရွှေ့မှုကနေ အပြီးသတ်ပြောင်းရွှေ့တာမျိုး ဖြစ်စေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက အသင်းရဲ့တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို ဒီတစ်ပတ် အိုဆာစူနာအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်ရဲ့ လူစာရင်းအတွင်းမှာ ထည့်သွင်းထားခြင်းမရှိပဲ လိုကိုမိုးတစ်မော်စကိုအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အနားပေးထားခဲ့ပါတယ်။