MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ လိုက်ပ်ဇစ်အသင်းကို (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာကြောင့် ၂ဝဝရခုနှစ်တုန်းက ရိုးမားအသင်းကို (၇)ဂိုး(၁)ဂိုးနဲ့ ဂိုးပြတ်ခြေပြတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း (၁၃)နှစ်ကျော်အကြာမှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခုလို ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒီတစ်ပတ်အတွင်းမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)အတွင်းမှာ ပါဝင်ဆင်နွဲခဲ့ရတဲ့ အင်္ဂလန်ကလပ်အသင်းများဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဂိုးပြတ်နိုင်ပွဲအသီးသီးကို ရယူနိုင်ခဲ့ပြီး အသင်း(၄)သင်းလုံးရဲ့ စုစုပေါင်းသွင်းဂိုးဟာလည်း (၁၄)ဂိုးအထိရှိခဲ့ကာ တစ်ဂိုးမှပြန်လည်ခွင့်ပြုရခြင်း မရှိခဲ့ပါဘူး။

စပါးအသင်းဟာ ဒီနေ့ညမှာ ဘယ်ဂျီယံကလပ် အန့်ဝပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)အတွင်းမှာ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် သုံးစွဲလာဦးမှာလို့ သိရပါတယ်။ ဘေးလ်ဟာ စပါးနဲ့ LASK အသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ နွေစျေးကွက်အတွင်းက ပီယာနစ်နဲ့အာသာတို့ကို အလဲအလှယ် ပြုလုပ်ခဲ့ပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာလည်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာနာဒက်စကီးနဲ့ ဒမ်ဘီလီတို့ကို ထပ်မံလဲလှယ်သွားဖို့ပါ ဂျုဗင်တပ်စ်ဘက်က ပြင်ဆင်လာခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ သူရဲ့နောက်ဆုံးသွင်းယူခဲ့တဲ့ သွင်းဂိုး(၄)ဂိုးလုံးက ပင်နယ်တီကန်သွင်းခွင့်ကနေ ရရှိခဲ့တဲ့ သွင်းဂိုးတွေဖြစ်နေခဲ့တဲ့အတွက် ဒါဟာ သူရဲ့ဘောလုံးသမားဘဝအတွင်း ပထမဆုံးအကြိမ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး(၃)ဂိုးနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုး(၁)ဂိုးတို့အားလုံးက ပင်နယ်တီကန်သွင်းခွင့်ကနေပဲ ရရှိခဲ့တာဖြစ်ပါတယ်။