MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ဘာစီလိုနာ မန်စီးတီး မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်က အင်တာမှာ ပျော်ရွှင်နေတယ်ဆိုပေမယ့် သူရဲ့အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျိုးဆက်မာရီယာဘာတိုမြူဟာ မနေ့ညကပဲ အသင်းဥက္ကဌရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး အသင်းရဲ့ဘုတ်အဖွဲ့ဝင်များမှာလည်း ရာထူးတွေကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းရဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ နောက်ဆုံးအကြိမ် ဆေးစစ်မှုခံယူရမှာလည်း ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်နေသေးတယ်လို့ သိရှိရတာကြောင့် သူရဲ့ပြိုင်ဘက်ဟောင်း လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရှိရပါတယ်။

အသင်းရဲ့ အဓိကနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့နှစ်ယောက်လုံး ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ မစ်ဂျေးလန်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ခံစစ်မှာ ပါဝင်ကစားနေတဲ့ ဖာဘင်ဟိုပါ ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းရဲ့ဗဟိုခံစစ်မှာ ဒဏ်ရာကင်းစင်နေတဲ့ စီနီယာခံစစ်မှူးအဖြစ် ဂိုးမက်ဇ်တစ်ယောက်တည်းသာ ကျန်ရှိခဲ့ရပါတော့တယ်။

လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားပါတိုကို လက်ရှိမှာ အီတလီစီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ဂျီနိုအာ စပီဇီယာနဲ့ အင်္ဂလန်ချန်ပီယံရှစ် ကလပ်အသင်းဖြစ်တဲ့ ဘာမင်ဂမ်စီးတီးအသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။