MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ဟာ ပြီးခဲ့တဲ့မတ်လတုန်းက အသင်းကနေ ချမှတ်ထားခဲ့တဲ့ ကိုဗစ်စည်းမျဉ်းတွေ ချိုးဖောက်ခဲ့ကာ ဆာဘီးယားနိုင်ငံမှာ ဘဲလ်ဂရိတ်မြို့မှာ နေထိုင်နေတဲ့ သူရဲ့ချစ်သူနေအိမ်ကို သွားရောက်ပြီး မွေးနေ့ပွဲကျင်းပခဲ့တာကြောင့် ထောင်ဒဏ်(၆)လအထိ အပြစ်ပေးခံရမယ့်အရေးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားကော်တွိုက်စ်က အသင်းအနေနဲ့ ပိုမိုစုစုစည်းစည်းရှိလာခဲ့မယ်ဆိုရင် သူတို့အသင်းကို အနိုင်ယူဖို့ဆိုတာက အသင်းတိုင်းအတွက် အလွန်ခက်ခဲသွားလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ရမယ့် အယ်ဂလက်စီကိုဒါဘီပွဲအတွင်းမှာ
ရီးရဲလ်ရဲ့အသင်းခေါင်းဆောင် နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်လည်း အသင်းရဲ့လူစာရင်းထဲမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်အမျိုးသမီးဘောလုံးအသင်းရဲ့ တိုက်စစ်ကစားသမား လီဆွန်မာဟာ မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုအမျိုးသမီးခြေစစ်ပွဲအတွင်း ပြိုင်ဘက်မြောက်မက်ဆီဒိုးနီးယားအသင်းဘက်ကို သူမတစ်ဦးတည်း သွင်းဂိုး(၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ဂိုးပေါက်ပျောက်ဆုံးနေမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး(၂)ဂိုး ရယူပေးနိုင်ခဲ့တဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းဟာ ဒီတစ်ပတ်ရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသပြီး ပရီးမီးယားလိဂ်သွင်းဂိုး(၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ စပါးအသင်းရဲ့ တောင်ကိုရီးယားသား တိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်ဟာ ၂၀၂၃ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ စာချုပ်သက်တမ်း တိုးမြှင့်ချင်နေပြီး သက်တမ်းတိုးနိုင်လိမ့်မယ်လို့ နည်းပြမော်ရင်ဟိုက ယုံကြည်နေပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းကို အရေးနိမ့်လိုက်တာကြောင့် ဥရောပရဲ့အထင်ကရ အမှတ်ပေးလိဂ်(၅)ခုအတွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ကလပ်အသင်းက အေစီမီလန်အသင်း တစ်သင်းတည်းသာ ကျန်ရှိနေပါတော့တယ်။