MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်း အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ကစားသမား(၁၁)ယောက်စာရင်းကို ရွေးချယ်ထုတ်ပြန်လာခဲ့ရာ ဂိုသမားနေရာအတွက် စပေါ့တီအယ်လို နောက်တန်း(၄)ယောက်အဖြစ် ကင်မစ်ချ် ဂိုးမက်ဇ် ရိုမဲရိုးနဲ့ အန်ဂျလီနို အလယ်တန်း(၄)ယောက်နေရာအတွက် ဂျုနူဇိုဗစ် ကိုးမန်း ဖာတီ တီတီနဲ့ တိုက်စစ်နေရာအတွက် ဇာပါတာနဲ့ မက်ဆီတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အသစ်ကို ထုတ်ပြန်လာခဲ့ရာ ဘယ်ဂျီယံလက်ရွေးစင်အသင်းကပဲ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်လျက်ရှိသလို Top 5 အတွင်းဝင်နေတဲ့ အသင်းများဖြစ်သော ပြင်သစ် ဘရာဇီး အင်္ဂလန်နဲ့ ပေါ်တူဂီတို့လည်း အရင်လက အဆင့်အတိုင်းသာ ဆက်လက်ရပ်တည်လျက် ရှိနေပါတယ်။ စပိန်နဲ့ အာဂျင်တီးနားအသင်းတို့ကတော့ အဆင့်(၁၀)အတွင်းမှာ တစ်ဆင့်ချင်းစီ ခုန်တတ်သွားခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ ဘောလုံးအားကစားထက် ဘေ့ဘော ဘတ်စ်ကတ်ဘောတို့က ပိုပြီးရေပန်းစား လူကြိုက်များကြပေမယ့် နောက်ပိုင်းနှစ်တွေအတွင်းမှာ ဘောလုံးကိုလည်း တဖြည်းဖြည်းလက်ခံအားပေးလာကြသလို ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် အက်ဂလက်စီကိုဒါဘီပွဲမှာ ပါဝင်ဆင်နွဲကြမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြားမှာလည်း ဘာစီလိုနာကို အားပေးသူပိုများတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းမှာ အရမ်းကို ခြေစွမ်းပြလို့နေတဲ့ ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မာဆေးဆိုက်ဒါဘီပွဲအတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ နည်းပြကားလို့စ်အန်စလော့တီက အတည်ပြုပြောဆိုလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား မီလီတာအိုဟာ ရှက်တာဒိုးနက်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အားနည်းချက်များစွာရှိခဲ့ပြီး ဒီကစားသမားက ရီးရဲလ်ဂျာစီကို ဝတ်ဆင်ဖို့ လုံးဝမထိုက်တန်တဲ့ ကစားသမားတစ်ယောက်လို့ နာမည်ကျော်မာကာသတင်းမီဒီယာကြီးရဲ့ အစီအစဉ်တင်ဆက်သူ ဒေးဗစ်ဆန်းချက်ဇ်က ဝေဖန်လိုက်ပါတယ်။