MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်း ဘုန်းမောက်အသင်းဆီ အငှားချခဲ့တဲ့ ဝေးလ်စ်ကွင်းလယ်လူ ဟယ်ရီဝီလ်ဆန်ကို ကာဒစ်စီးတီးအသင်းဆီ ထပ်မံအငှားချလိုက်တဲ့အပြင် နောက်ထပ်လူငယ်ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ ဟာဗေးအယ်လီယော့ခ်ကိုလည်း ဘလက်ဘန်းအသင်းဆီ အငှားချလိုက်ပြီဖြစ်ပါတယ်။

အသင်းရဲ့ခံစစ်ပိုင်းအတွက် ဗဟိုခံစစ်မှူးတစ်ယောက်ကို ခေါ်ယူအားဖြည့်သွားဖို့ လိုအပ်လို့နေတဲ့ စပါးအသင်းဟာ ဒီရက်ပိုင်းအတွင်း အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ ဆွမ်ဆီးစီးတီးအသင်းရဲ့ ဝေးလ််လက်ရွေးစင် နောက်ခံကစားသမား ဂျိုးရိုဒွန်ကို EFL Deadline Day ရဲ့နောက်ဆုံးရက်မှာပဲ ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မန်စီးတီး ဝက်စ်ဟမ်းအသင်းတို့ရဲ့ အာဂျင်တီးနားနောက်ခံအစွန်လူဟောင်း ပါဘလိုဇာဘလက်တာကတော့ အသက်(၃၅)နှစ်အရွှယ်မှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဇာဘလက်တာဟာ ဇူလိုင်လကတည်းက ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေရကာ ကစားသမားဘဝကို ရှေ့ဆက်ဖို့ထက် အနားယူလိုက်ဖို့ကိုပဲ ဆုံးဖြတ်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂျာမန်လက်ရွေးစင်ဂိုးသမား မက်အန်ဒရေတာစီဂန်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဘာစီလိုနာအသင်းရဲ့အကောင်းဆုံးကစားသမားဆု(Aldo Rovira) ဆုကို ပိုင်ဆိုင်သွားခဲ့ရပြီလို့ သိရှိရပါတယ်။ ဒီဆုကို ဘာစီလိုနာရဲ့အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက (၆)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ပြီး အကြိမ်အများဆုံး ပိုင်ဆိုင်ထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့သလို ပြီးခဲ့တဲ့ရာသီမှာတော့ ပီကေးက ဒီဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့နည်းပြပတ်ဂွာဒီယိုလာက ဒီနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းက ဒဏ်ရာပြသာနာကြောင့် လွဲချော်ရမှာဖြစ်ကြောင်း အတည်ပြုပြောဆိုလာခဲ့ပေမယ့် ဒီဘရိုင်းရဲ့ဒဏ်ရာအတိမ်အနက်ကိုတော့ သူမသိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။