MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဝါရင့်ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပေမယ့်လည်း အသက်(၃၅)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဘလွန်းဒေါလ်ဆုရ မိုဒရစ်ကတော့ အသင်းနဲ့ နှစ်ရှည်သာသက်တမ်းတိုးချင်နေပြီး သူရဲ့ကစားသမားဘဝကိုလည်း ရီးရဲလ်မှာ အဆုံးသတ်ချင်နေပါတယ်။

 

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်မှာ အသင်းလက်မဲ့ဖြစ်နေရတဲ့ အသက်(၂၉)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင်ဟောင်း ညာနောက်ခံလူ နာသန်နီရယ်ကလိုင်းကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ကာလတိုစာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကျင်းပရမယ့် ဂျုဗင်တပ်စ်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ကစားသမားတွေ ကိုဗစ်ကူးစက်နေလို့ Quarantine ဝင်နေရတဲ့ဆိုတဲ့ အကြောင်းပြချက် ဧည့်သည်နာပိုလီအသင်းဘက်ကနေ လာရောက်ယှဉ်ပြိုင်ကစားခဲ့ခြင်း မရှိခဲ့တဲ့အပေါ် အီတလီဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပြီး အိမ်ရှင်ဂျုဗင်တပ်စ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကနေ ရိုးမားအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား မာယိုရယ်လ်က သူ့ကို ရီးရဲလ်နည်းပြဇီဒန်းက အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်ခဲ့တာဖြစ်ပြီး သူ့အစား နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူကာဂျိုဗစ်ကိုသာ အသင်းကနေ အငှားချသွားချင်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နဲ့ အဆင်မပြေဖြစ်နေပြီး ရာထူးပါ မတည်မငြိမ်ဖြစ်နေရတဲ့ သတင်းထွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားနဲ့ပတ်သက်ပြီး ကွင်းလယ်လူတွမ်မီနေးက သူနဲ့ ယူနိုက်တက်တစ်သင်းသားလုံးက သူတို့နည်းပြရဲ့နောက်မှာ အားလုံးရှိနေကြတယ်လို့ ထောက်ခံအားပေးစကား ပြောဆိုသွားခဲ့ပါတယ်။