MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စတီဖင်ဂျရတ်ကိုင်တွယ်နေတဲ့ စကော့ထိပ်သီးအသင်း ရိန်းဂျားကတော့ ဒီနေ့ညမှာ ကစားခဲ့တဲ့ ဟာမီတန်အသင်းနဲ့ အမှတ်ပေးလိဂ်ပွဲကို ဆင်နွဲခဲ့ကာ (၈)ဂိုးပြတ်နဲ့ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ရိန်းဂျားအသင်းဟာ ဒီရာသီ စကော့အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို အသင်းကလည်း (၃၇)ဂိုး သွင်းယူထားခဲ့ပြီး ပေးဂိုး(၃)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။

 

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ တိုက်စစ်မှူးနေမာဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး စာချုပ်ကိစ္စ ဆွေးနွေးမှုတွေလည်း မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂင်ကလော့က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့တာဝန်ရှိသူတွေအနေနဲ့ အသင်းသားတွေဘက်ကနေ ကာကွယ်မှုတွေ ပြုလုပ်နိုင်ပေးနိုင်ဖို့အတွက် ပွဲစဉ်တွေကို သေချာစီစဉ်ပေးသင့်တယ်လို့ မန်စီးတီးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ နည်းပြပတ်ဂွာဒီယိုလာက သူနဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လူစားလဲလှယ်မှုကို (၅)ကြိမ်အထိ ခွင့်ပြုသင့်တဲ့အကြောင်းကို ပြောဆိုခဲ့တာဖြစ်ပြီး အခုလို အသင်းတိုင်း ပွဲကျပ်နေတဲ့ ကာလအတွင်းမှာ ကစားသမား(၅)ယောက်အထိ လဲလှယ်ခွင့်ရခြင်းက ကစားသမားတွေအတွက် ကာကွယ်မှုလို ဖြစ်စေနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဝါရင့်ကိုလံဘီယာ တိုက်စစ်ကစားသမား ရာဒါမယ်ဖယ်ကာအိုဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ သူရဲ့လက်ရှိကလပ် ဂါလာတာစာရေးအသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး ဖယ်ကာအိုကိုတော့ ဒေးဗစ်ဘက်ခမ်းရဲ့အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကနေ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။