MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ အယ်ဘေးနီးယား ဆန်မာရီနိုအသင်းတွေ ယှဥ်ပြိုင်ရမယ့် အဂ်လန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ရွေးချယ်ခံရထားပေမယ့် ကြံခိုင်မှု မပြည့်ဝတဲ့ အကြောင်းပြချက်နဲ့ လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်တစ်ဦး ဖြစ်လာခဲ့ရတဲ့ ဇာဗီဟာနန်ဒက်ဇ်ဟာ သူ ဒါမှမဟုတ် တခြားသော လူတစ်ဦးဦးရဲ့ အမွေကို ဆက်ခံသွားမယ်သူ မဟုတ်ပဲ သူကိုယ်တိုင် သူရဲ့နည်းစနစ် နည်းဗျူဟာစတိုင်နဲ့သာ ကိုင်တွယ်သွားမယ့်သူ ဖြစ်တယ်လို့ ဇာဗီနဲ့ ဘာစီလိုနာအသင်းမှာ ဆရာတပည့်တွေအဖြစ် လက်တွဲခဲ့ဖူးတဲ့ နည်းပြဂွါဒီယိုလာက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

နည်းပြဒန်နီရယ်ဖာကယ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ နောဝစ်ချ်အသင်းဟာ လစ်လစ်သွားတဲ့ အသင်းနည်းပြနေရာအတွက် ချယ်လ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်အပြင် မကြာသေးခင်ကမှ အက်စတွန်ဗီလာအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြဒင်းစမစ်နဲ့ ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟူတယ်လ်တို့ကိုပါ ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်နဲ့ အဂ်လန်အသင်းတို့ရဲ့ ဗဟိုနောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က သူရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ သူ့အနေနဲ့ ဒီအချိန်က ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သင့်တဲ့ အချိန်ရောက်နေပြီဖြစ်ကြောင်းနဲ့ ယူနိုက်တက်ဘက်ကလည်း ဆိုးလ်ရှားနေရာမှာ နောက်ထပ်နည်းပြတစ်ဦးကို အစားထိုးဖို့ အချိန်တန်ပြီဖြစ်ကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။

အက်စတွန်ဗီလာအသင်းရဲ့ အဂ်လန်နောက်ခံကစားသမား တိုင်ရုန်းမင်းစ်က သူအနေနဲ့ ဘောလုံးသမားဘဝကနေ အနားယူတဲ့အခါ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်ချင်ကြောင်းနဲ့ နိုင်ငံရဲ့ဝန်ကြီးချုပ်တာဝန်ကိုလည်း ထမ်းဆောင်သွားချင်ကြောင်း အံ့အားသင့်စဖွယ် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ သူရဲ့အသင်းဟောင်း ဘာစီလိုနာမှာ သူနဲ့တွဲဖက်အညီဆုံး ကစားနိုင်ခဲ့တဲ့ အသင်းဖော်ဟောင်း ယော်ဒီအယ်ဘာကို ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိစေချင်နေပြီး ဘာစီလိုနာဘက်ကလည်း အသင်းစီးပွားရေး အခြေအနေတွေနဲ့ လူငယ်ကစားသမားတွေကို နေရာပိုပေးချင်တဲ့ အစီအစဥ်ကြောင့် အယ်ဘာလို ဝါရင့်ကစားသမားမျိုးကို လက်လွတ်ဖွယ် ရှိနေပါတယ်။