MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကျင်းပခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ရဲ့ပွဲစဉ်အတွင်းမှာ ဘယ်ဘက်ဒူးဒဏ်ရာကို ရရှိသွားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အန်ဆူဖာတီဟာ ဒဏ်ရာကို စစ်ဆေးရတော့မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဒဏ်ရာအတိမ်အနက်ကို ရှင်းရှင်းလင်းလင်း သိရှိရဖွယ် ရှိနေပါတယ်။

မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ ဒေးဗစ်ဘက်ခမ်းဟာ သူရဲ့အသင်းအတွက် နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ ဂွန်ဇာလိုဟီဂွာအင်နဲ့ မာတွီဒီတို့ကို ခေါ်ယူထားခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကိုပါ ခေါ်ယူသွားဖို့အတွက် စိတ်ကူးထားတယ်လို့ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

ဒဏ်ရာပြသာနာတွေကြောင့် အောက်တိုဘာလနှောင်းပိုင်းကတည်းက အနားယူနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေကွင်းလယ်တိုက်စစ်ကစားသမား မာတင်အိုဒီဂတ်ဟာ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်အတွင်းမှာ အသင်းအတွက် ပြန်လည်ကစားပေးရဖွယ် ရှိနေပါတယ်။ လက်ရှိ ရီးရဲလ်အသင်းမှာ ဟာဇက် ကတ်စ်မဲရိုးလ် မီလီတာအိုတို့က ကိုဗစ်ကူးစက်နေပြီး ကာဗာဟယ် အိုဇရီအိုဇိုလာ နာချိုတို့ကလည်း ဒဏ်ရာရလို့နေပါတယ်။

ဒူးဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲတွေအားလုံးနီးပါးကို လွဲချော်ရတော့မယ့် အသင်းရဲ့ အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ရဲ့နေရာအတွက် အင်တာမီလန်နောက်ခံလူ ရှကရီညာနဲ့ အစားထိုးသွားဖို့ လီဗာပူးလ်ဘက်ကနေ စီစဉ်နေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပြီး ရှကရီညာကို စပါးနဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုက ဒီအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြောဆိုဖို့ဆိုတာ စောလွန်းသေးသလို သူတို့အသင်းအနေနဲ့ အမှတ်ပေး(၂)ပွဲဆက်တိုက်ကို အနိုင်ရယူလိုက်ရုံနဲ့ သူတို့အသင်းကို ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှန်တကယ် စိန်ခေါ်နု်င်မယ့်အသင်းဆိုပြီး မတွက်ဆထားစေချင်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။