MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ (၃)ဂိုး(၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ အိမ်ရှင်ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးသော ရှုံးပွဲနဲ့ ကြုံတွေ့လိုက်ရတဲ့ လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ဒီပွဲကို တာဝန်ယူ ဆောင်ရွှက်ခဲ့တဲ့ ကွင်းလယ်ဒိုင် ခရစ္စပေါဆန်ရဲ့ ပွဲတစ်ပွဲအပေါ် ကိုင်တွယ်ဖြေရှင်းမှုတွေကို အပြစ်တင်သွားခဲ့ပါတယ်။

မကြာသေးခင်ကမှ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရတဲ့ ဘာကာဂန္တဝင်ကစားသမားဟောင်းကြီး ဇာဗီဟာနန်ဒက်ဇ်ဟာ လာမယ့်အင်္ဂါနေ့မှာပဲ အသင်းရဲ့ ကစားသမားများနဲ့ ယိုအန်ဂမ်ပါ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ဇာဗီဟာ နိုဝင်ဘာ(၂၁)ရက်နေ့ အက်စပန်ညိုနဲ့ ကတ်တလန်ဒါဘီပွဲစဥ်အတွင်း အသင်းရဲ့နည်းပြအဖြစ် စတင်ဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းမှာ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာနဲ့ တွဲဖက်ပြီး ကစားနေရခြင်းက ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ကမ္ဘာကျော် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားနေရသလို တူညီတဲ့ စိတ်ခံစားချက်မျိုးကို ရရှိစေတယ်လို့ လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျိုတာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် (၁၅)ဂိုးအထိကို သွင်းယူထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီး မရှိတော့တဲ့နောက် သူရဲ့နေရာကို ဒေါ့မွန်ရဲ့ နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်း ဝင်ရောက်လာသင့်ပေမယ့် ဟာလန်းက ဘိုင်ယန်ထက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ပိုအံ့ဝင်နိုင်ကြောင်း ရီးယဲလ်တိုက်စစ်မှာ ဟာလန်းနဲ့ ဘာပေတို့ တွဲဖက်သင့်ကြောင်း ဘိုင်ယန်ကစားသမားဟောင်းကြီး လိုသာမာသီးယပ်စ်က မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာမရတာ အချိန်ကာလတစ်ခုအထိကို ကြာမြင့်နေပြီဖြစ်တဲ့ နောက်ခံကစားသမား ဖေးလ်ဂျုံးစ်ကို ဝက်ဖိုဒ့် နယူးကာဆယ်နဲ့ ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီ အသင်းတွေအပါအဝင် ကလပ်အသင်းပေါင်း (၁၃)သင်းခန့်လောက်က လာမယ့်ဆောင်းစျေးကွက်ထဲမှာ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရှိရပါတယ်။

နည်းပြဒင်းစမစ်ကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ အက်စတွန်ဗီလာအသင်းဟာ လစ်လပ်သွားခဲ့တဲ့ အသင်းရဲ့ နည်းပြနေရာအတွက် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ နည်းပြဖြစ်သူ စတီဗင်ဂျရတ်နဲ့ အစားထိုးချင်နေပြီး လတ်တလောမှာ ဂျရတ်ကိုသာ အဓိကပစ်မှတ်ထားလျက် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြထားခဲ့ပါတယ်။