MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းဖြစ်တဲ့ ဂျင်မီကာရေဂါက သူရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းရဲ့တိုက်စစ်နေရာအတွက် လတ်တလောမှာ ဂိုးမြူးနေတဲ့ ဒီယေဂိုဂျိုတာထက် Pressing Game မှာ ပိုပြီးထိရောက်မှုရှိတဲ့ ဖာမီနိုကိုပဲ အသုံးပြုလာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့တာကြောင့် လာမယ့်ဆောင်းစျေးကွက်ဖွင့်ချိန်မှာ နောက်တစ်ကြိမ် ထပ်မံကြိုးပမ်းလာနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကနောက်ခံအစွန်လူ ဒန်နီကာဗာဟယ်ကို ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ နီးစပ်လျက်ရှိနေပြီလို့ စပိန်နိုင်ငံထုတ် မာကာသတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်ညာနောက်ခံကစားသမားဟာ ၂၀၁၃ခုနှစ်ကနေစတင်ပြီး သူရဲ့ရီးရဲလ်စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲထွက်ကစားခွင့်တွေကို ပြန်ရရှိထားခဲ့သလို ဟွယ်ဆကာအသင်းကို အနိုင်ရခဲဲ့တဲ့ လာလီဂါပွဲစဉ်မှာပါ သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ဘယ်ဂျီယံလက်ရွေးစင်အသင်းကနေ ပြန်လည်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဒဏ်ရာပြသာနာကြောင့် နယူးကာဆဲလ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ခြင်း မရှိခဲ့တဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အတွင်း ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ နည်းပြအန်စလော့တီက ရှင်းလင်းပြောဆိုလိုက်ပါတယ်။