MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဆန်ဆူဖာတီဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွဲရမယ့် စပိန်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်လိုက်ရပြီဖြစ်လို့ စပိန်အသင်းဘက်ကလည်း ဖာတီနေရာအတွက် အက်စပန်ညို တိုက်စစ်ကစားသမား ဒီသောမတ်စ်ကို အစားထိုး ရွေးချယ်သွားခဲ့ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံရဖို့ အရမ်းရေပန်းစားလာခဲ့တဲ့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိကြောင်းနဲ့ အဲ့ဒီအကြောင်းတွေကိုလည်း တွေးတောနေမှာ မဟုတ်ကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရီဗယ်လ်ဒိုက လက်ရှိ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဇာဗီဟာနန်ဒက်ဇ်အနေနဲ့ အသင်းကို တိုးတတ်ကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ဖို့အတွက် လာမယ့်ဆောင်းစျေးကွက်မှာပဲ ကစားသမားသစ်(၃)ယောက်ခန့် အရခေါ်ယူဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဘောလုံးသမားဟောင်းတစ်ဦးလည်းဖြစ် လက်ရှိမှာ ဘောလုံးသုံးသပ်သူအဖြစ်နဲ့ပါ ဆောင်ရွှက်လည်းရှိနေတဲ့ အိုဟားရားက ယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားဟာ ထိပ်တန်းကစားသမား(၂)ဦးဖြစ်တဲ့ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ ဂျေဒန်ဆန်ချိုတို့ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ခဲ့ပြီး သူတို့ရဲ့ ကစားသမားဘဝကို အဆုံးသတ်အောင် လုပ်နေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

နောဝစ်ချ်စီးတီးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ထားသူလည်းဖြစ်သလို မနေ့ညက ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဒီရာသီရဲ့ ပထမဆုံးသော လိဂ်နိုင်ပွဲအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒန်နီရယ်ဖာကယ်ကို အသင်းဘက်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အံ့အားသင့်စဖွယ် ထုတ်ပြန်လာခဲ့ပါတယ်။