MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရဖူးသလို အဲဗာတန်အသင်းနဲ့ ကစားခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာလည်း ရစ်ချာလီဆန်ရဲ့ ကြမ်းတမ်းတဲ့ ဖြုတ်ထုတ်မှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး မန်စီးတီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။

အဲဗာတန်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ လုံးဝကို ပျောက်ဆုံးနေရတဲ့ တိုက်စစ်ကစားသမား ယာနစ်ဘိုလာဆီကတော့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ သေချာနေပြီဖြစ်ပြီး သူ့ကို မစ်ဒယ်ဘရော့အသင်းက နွေစျေးကွက်မပိတ်ခင်မှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့တာကြောင့် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားလာနိုင်ပါတယ်။

လာမယ့်တစ်ပတ်မှာ ပြန်လည်ကျင်းပသွားတော့မယ့် နိုင်ငံတကာရက်သတ္တပတ်ပွဲစဉ်တွေအတွက် အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားတွေကို ရွေးချယ်ခဲ့ရာမှာ ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့မိလို့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး ဖေးလ်ဖိုဒန်ကို ပြန်လည်ရွေးချယ်ခဲ့ပြီး သူနဲ့အတူ ကျူးလွန်မိခဲ့တဲ့ ဂရင်းဝုဒ်ကိုတော့ ဆက်လက်ချန်လှပ်ထားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ မိုချန်ဂလာဘတ်အသင်းအတွက် အထူးခြေစွမ်းကောင်းတွေ ပြသနေကာ သွင်းဂိုးတွေပါ ရယူပေးနေတဲ့ တိုက်စစ်ကစားသမားလေး မားကပ်စ်သူရမ်ကတော့ သူရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်တယ်လို့ သိရှိရပါတယ်။

စပါးအသင်းရဲ့ အသင်းခေါင်းဆောင် အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၂)ဂိုး ရယူထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၁၀)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သလို မနေ့ညက လူဒိုဂိုရတ်စ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာလည်း သူရဲ့စပါးကစားသမားဘဝ သွင်းဂိုး(၂၀၀)ပြည့်မြောက်စေခဲ့ရတဲ့ အမှတ်တရဂိုးဖြစ်စေခဲ့ပါတယ်။