MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုဟာ အသက်လက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို ရရှိသွားခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူသွားရတော့မှာဖြစ်ကြောင်း အသင်းနည်းပြ ယာဂန်ကလော့ပ်က အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျိမ်းစ်ဟေးလ်ဆိုတဲ့ အင်္ဂလန်ယူ-၂၁ ကစားသမားလေးကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပြီး ဒီကစားသမားလေးရဲ့ ပွဲစဉ်တွေကိုပါ ကင်းထောက်တွေ စေလွှတ်ထားတယ်လို့လည်း သိရှိရပါတယ်။ ဆယ်ကျော်သက်အရွှယ် ဗဟိုနောက်ခံလူ ဟေးလ်ဟာ ဖလက်ဝုဒ်တောင်းဆိုတဲ့ ကလပ်အသင်းမှာ ပါဝင်ကစားနေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ မာတင်ကီအွန်က စပါးအသင်းရဲ့ နောက်တန်း(၃)ဦးထားသုံးတဲ့ နည်းပြသစ်ကွန်တီရဲ့ နည်းဗျူဟာဟာ အသင်းရဲ့ အင်္ဂလန်ကစားသမား အဲရစ်ဒိုင်ယာအတွက် အကျိုးရှိစေနိုင်ပြီး သူ့အတွက် ဒီကစားကွက်က ပိုအံ့ဝင်မှု ရှိလာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လတ်တလောမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပြီး သွင်းဂိုးတွေပါ သွင်းယူပေးလျက်ရှိနေတဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ဘရာဇီးလ်လက်ရွေးစင်အသင်းကနေ ပြန်လည်ရွေးချယ်သွားခဲ့ပြီး ကိုလံဘီယာ အာဂျင်တီးနားအသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ခြေစစ်ပွဲတွေကို ပါဝင်ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီနောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို အရခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး ရီးယဲလ်အသင်းနည်းပြ အန်စလော့တီကိုယ်တိုင် ရူဒီဂါရဲ့ကစားဟန်ကို သဘောကျနေတဲ့သူဖြစ်လို့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒီကစားသမားအတွက် တစ်နှစ်လုပ်ခ ယူရို(၁၂)သန်းခန့်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ယူကရိန်းအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးလည်းဖြစ် အသင်းနည်းပြဟောင်းလည်းဖြစ်တဲ့ ရှက်ချင်ကိုဟာ လက်ရှိမှာ နည်းပြနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာဖို့ အစီအစဉ်ရှိနေပြီး ကစားသမားဘဝတုန်းက အချိန်များစွာ ကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီးအေပြိုင်ပွဲကို ပြန်လာဖွယ်ရှိနေကာ စီးရီးအေကလပ် ဂျီနိုအာအသင်းကို ကိုင်တွယ်ဖွယ် ရှိနေပါတယ်။