MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်(၃)အတွင်း ပြင်သစ်လီဂူး ကလပ်အသင်းများဖြစ်တဲ့ ပီအက်စ်ဂျီ မာဆေးလ်းနဲ့ ရန်းနက်စ်အသင်းတို့ဟာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေကို အရေးနိမ့်ခဲ့ရတာကြောင့် ၂၀၁၁ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ်တွေအားလုံး ရှုံးနိမ့်ခဲ့ရတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း တူရကီကလပ် ဘာရှက်ဆီဟီကို အဝေးကွင်းမှာ (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ပိုမိုလှုပ်ခတ်လာခဲ့ပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲအတွင်း အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းလာရာမှာတော့ ဆိုးလ်ရှားက ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဆူးက ဒီတစ်ပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူတို့အသင်းအတွက် အလွန်ကို အရေးပါလှတဲ့ ပွဲကျပ်တစ်ပွဲဖြစ်ပြီး ဒီပွဲမှာ ပြိုင်ဘက်လီဗာပူးလ်ကို မဖြစ်မနေ အနိုင်ကစားသွားရမယ်လို့လည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း (၃)ဂိုး ဂိုးမရှိနဲ့ ပေးဂိုးမဲ့ ဂိုးပြတ်နိုင်ပွဲကို အရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် Clean Sheet ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ ၂၀၁ဝခုနှစ် အောက်တိုဘာလနောက်ပိုင်းမှာ အခုလို Clean Sheet (၅)ပွဲဆက်တိုက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ အင်တာမီလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အင်တာကွင်းလယ်လူ ဘရိုဇိုဗစ်ရဲ့တတ်နင်းခဲ့မှုကြောင့် ခြေထောက်ဒဏ်ရာ အနည်းငယ်ရသွားခဲ့ပေမယ့် စိုးရိမ်စရာ အနေအထားမှာ မရှိပဲ ဗလင်စီယာအသင်းနဲ့ ကစားသွားရမယ့် စပိန်လာလီဂါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။